တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က အင်အား ၅၀၀ခန့်ဖြင့် ကျေးရွာများသို့ဝင်ရောက်ကာ စစ်ရေးပြင်ဆင်လာနေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
ပုလောမြို့နယ်ရှိ ကျောင်းနိမ့်၊ ပုလောကုန်း စသည့်ကျေးရွာများသို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေခြင်းဖြစ်ပြီး အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာ ထွက်ပြေးနေကြရသည်ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
“အင်အား ၄၀၀ ကနေ ၅၀၀အကြားရှိတယ်။ ဒေသခံတွေ ရှာင်နေရပါတယ်။ သူတို့(စစ်ကောင်စီတပ်)က ကုန်းကြောင်းလာတာပါ။ သိထားရသလောက် မကျည်းကုန်းကျေးရွာတစ်ခုပဲ ရှောင်ရတာ သိရသေးတယ်။ အနည်းဆုံး ၁၀၀ နီးပါးရှိနိုင်ပါတယ်”ဟု လက်ရှိအခြေနေနှင့်စပ်လျဥ်းပြီး မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။
ပြီးခဲ့သည့် ၄ ရက်ခန့်ကလည်း ပုလောမြို့ နယ်အတွင်းရှိ PDF တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် စိုးမိုးနယ်မြေအစပ်နားသို့ စစ်ကောင်စီတပ်မှ အင်အားအချို့ဖြင့်ရောက်ရှိလာရာ အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ခန့်ဖြစ်ပြီးနောက် နောက်ကြောင်းပြန်ဆုတ်သွားကြောင်း သိရသည်။
“သူတို့ဘက်က ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့နေရာတွေကို ပြန်ယူမယ့် အရိပ်အယောင်တွေ တွေ့ရတယ် ။ အင်အားကလည်း များတယ်ဆိုတော့လေ။ အဲဒီတော့ ဒီလထဲမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်နိုင်တာမျိုး ရှိနေတယ်”ဟု မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။
ထို့ကြောင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်နေသော လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် တန်ဖိုးကြီးပစ္စည်းများအား သေချာထုပ်ပိုးထားကြရန်၊ စားနပ်ရိက္ခာများ ပြင်ဆင်ထားကြရန်နှင့် တိုက်ပွဲများဖြစ်ပွားလာပါက တော်လှန်ရေးတပ်ဖွဲ့များ၏ သတိပေးချက်များကို လိုက်နာပေးကြရန် တိုက်တွန်းထားသည်။