မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း၊ သဖန်းကိုင်းကျေးရွာမှာတပ်စွဲခဲ့တဲ့ စစ်ကောင်စီ တပ်သားတွေက အမျိုးသားတဦးကို သတ်ပြီး မြေမြှုပ်ခဲ့တယ်လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ တပ်ရင်း ၁ ဆီက သိရပါတယ်။
အသတ်ခံရသူမှာ မြောင်းသစ်ကျေးရွာကနေ သဖန်းကိုင်းကျေးရွာကို စစ်လာရှောင်နေတဲ့ အသက် ၄၆ နှစ်အရွယ် ကိုသန်းထွန်းဖြစ်ပြီး အလောင်းကိုတော့ အောက်တိုဘာ ၆ ရက် ဒီမနက်အစောပိုင်း စစ်ကြောင်းပြန်ထွက်သွားပြီးနောက် ကာကွယ်ရေးတပ်တွေ နယ်မြေရှင်းလင်းရေးဝင်ချိန်မှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
“ပေါင်ကို ဓားနဲ့မွှန်းပြီး စစ်တယ်လို့ ကျနော်တို့သတင်းရတယ်။ သွေးထွက်လွန်ပြီး သေသွားပုံရတယ်” လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ တပ်ရင်းလ ၁ ရဲ့ စစ်ရေးတာဝန်ခံကိုဒေါင်းလမ်းက ပြောပါတယ်။
စစ်အုပ်စုဟာ သဖန်းကုန်းကျေးရွာ ဘုန်ကြီးကျောင်းမှာတပ်စွဲခဲ့တာဖြစ်ပြီး ကိုသန်းထွန်းရဲ့ အလောင်းကို ဘုန်းကြီးကျောင်းရဲ့ အနောက်ဘက် သရက်ခြံအတွင်းမှာ မြှုပ်ခဲ့တာလို့ ဆိုပါတယ်။
ဦးသန်းထွန်းဟာ စက်တင်ဘာ ၂၉ ရက် စစ်ကောင်စီတပ်တွေ သဖန်းကုန်းကျေးရွာမှာ တပ်စွဲဖို့ ဝင်လာချိန်မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး ဘယ်နေ့ဘယ်အချိန်မှာ အသတ်ခံခဲ့ရတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေရဲ့ လက်ချက်ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၆ ရက်အထိ အရပ်သား ၄၁၄၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ထားပါတယ်။