ဂျပန်နိုင်ငံရှိ ပြည်ပအလုပ်အကိုင်များထံသို့ ပို့ဆောင်ပေးမည်ဟုဆိုပြီး ကြံ့ဖွတ် ပါတီ နှင့် ဆက်နွယ်နေသော လူငယ်တချို့ကို စစ်တပ်ထဲသို့ လိမ်လည် ခေါ်ယူသွားမှုတချို့ ဖြစ်ပွားကြောင်း ကာယကံရှင် မိဘဆွေမျိုးများက ပြောဆိုသည်။
ဧရာ၀တီတိုင်း၊ မအူပင်၊ ဖျာပုံ၊ ကျောင်းကုန်းနှင့်အိမ်မဲမြို့နယ်ဘက်ရှိ ကျေးရွာ များ မှ ကြံ့ဖွတ်ပါတီနှင့် ဆက်နွယ်နေသော လူငယ်တချို့ကို ဂျပန်သို့ ပြည်ပ အလုပ်အကိုင်ဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ စစ်တပ်မှ တပ်ကြပ်ကြီးတချို့က လာရောက် ခေါ်ဆောင်သွားကြောင်း၊ ရန်ကုန်တွင် ဂျပန်အလုပ်အကိုင်သွား ရောက်ရန် ဂျပန်စာသင်တန်းတက်ရမည်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် ရန်ကုန်သို့ ခေါ်ဆောင်ခြင်းမရှိဘဲ မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်း ဘက်ရှိ တပ်သား စုဆောင်းရေး တပ်များထံသို့ ခေါ်ဆောင်သွားကာ စစ်သင် တန်း များ တက်ရောက်ခိုင်းကြောင်း သိရှိရသည်။
” ပြည်ခိုင်ဖြိုးပါတီဝင်ရှိတဲ့ အိမ်တွေက လူငယ်တွေကို ဂျပန်သွားမှာလား။ အခု ပြည်ခိုင်ဖြိုးက ဂျပန်ပို့ပေးဖို့ လုပ်နေပြီ။ ရန်ကုန်မှာ ဂျပန်စာ သင်တန်း တက်ရ မယ်ဆိုပြီး လူငယ်တွေကို ခေါ်သွားတာ။ တချို့ရွာတွေက လူငယ် ၅ ဦးလောက် ပါသွားတယ်။ တချို့ရွာတွေက လူငယ် ၁ ဦး၊ ၂ ဦးလောက်ပဲ။ လွန်ခဲ့တဲ့ ၃ ပတ် လောက်က ဖြစ်တာ။ အဲဒါ ရန်ကုန်လည်း မရောက်ဘဲ စစ်သားစုဆောင်းရေး တပ်တွေ ရောက်ကုန်တယ်။ ပြန်ထုတ်ဖို့ ကြိုးစားနေကြတယ် ” ဟု မအူပင် မြို့နယ်၊ ရေလဲကလေးကျေးရွာအုပ်စုမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် ဂျပန်ပို့ပေးမည်ဟုဆိုကာ လူငယ်များကို ကြံ့ဖွတ်ပါတီဝင်တချို့က လိုက်လံစည်းရုံးနေကြောင်း၊ သင်တန်း ၆ လ တက်ရ မည်ဖြစ်ပြီး ငွေကျပ် ၂၅ သိန်း ကုန်ကျမည်ဟု ပြောဆိုကြောင်း သိရှိရသည် ။
“ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ထဲက ရွာတွေမှာကျေးရွာအုပ်စုတစ်ခုကို အယောက် ၂၀ ဂျပန်ကို ပို့ပေးမယ်ဆိုပြီး သင်တန်း၆လတက်ရမယ်။ တစ် ယောက်ကို ၂၅သိန်း ပဲကျမယ်ဆိုပြီး ကြံ့ဖွတ်တွေကပြောနေတာ။ သူတို့ပါတီက ပို့ပေးတာဆိုပြီး သင်တန်းက၆လတက်ရမယ်လို့ပြောသေးတယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။
ကြံ့ဖွတ်ပါတီက နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းမှ ကြံ့ဖွတ်လူငယ် များကို ဂျပန်နိုင်ငံသို့ စေလွှတ်ရေး MYANMAR SANKOU သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ နေပြည်တော်တွင် ယခုနှစ်ဇွန်လ အတွင်း MYANMAR SANKOU သင်တန်းဖွင့်လှစ်ခဲ့ကြောင်း၊ လက်ရှိတွင် MYANMAR SANKOU ကုမ္မဏီက ကြံ့ဖွတ်လူငယ် သင်တန်းသား ၆၂ ဦး မှ ၁၂ ဦးသည် ဂျပန်နိုင်ငံသို့သွားရောက်လုပ်ကိုင်မည့် လုပ်ငန်းခွင် အင်တာဗျူး များ အောင်မြင် ထားပြီး ဂျပန်နိုင်ငံ စေလွှတ်ရေး ပြင်ဆင်လျက် ရှိကြောင်း ကြံ့ဖွတ် ပါတီ က သတင်းထုတ်ပြန်ခဲ့သည်။