မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် စစ်ကောင်စီက ပျူစောထီးသင်တန်းပေးနေပြီး မတက်မနေရ အတင်းအဓမ္မစေခိုင်းနေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီသည် စက်တင်ဘာလကုန်ပိုင်းက မြင်းခြံမြို့ အမှတ်(၁၂)၊ လေးအိမ်တန်းရပ်ကွက်မှ ပြည်သူ ၂၀ခန့်ခေါ်ယူပြီး ခြေမြန်တပ်ရင်း (ခမရ-၁၅) တပ်အတွင်း၌ ပျူစောထီးသင်တန်း ၅ ရက်ကြာပေးခဲ့ကြောင်း၊ သင်တန်းသားအချို့မှာ အတင်းအကျပ်ခေါ်ယူခြင်းခံရ၍ တက်ရခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။
“တချို့က အတင်းအကျပ်တက်ခိုင်းလို့ တက်ရတာလည်းပါတယ်။ တချို့က သူတို့အုပ်စုထဲကမို့ တက်ချင်လို့ကို တက်ကြတာ။”ဟု မြင်းခြံဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကလည်း ပြည်သူများအား ခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ကျော်ဝင်းစိန်ဆိုသူသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ အမှတ်(၁)(၂)နှင့် (၆) ရပ်ကွက်များမှ ကျူးကျော်နေသူများထံ အဓမ္မငွေကြေးတောင်းခံခိုင်းခြင်း၊ အမှတ်(၂၀)ရပ်ကွက်၊ မြို့ပတ်လမ်းတကြောမှ မြေရှင်များထံ လယ်မြေအခြားနည်းသုံးခွင့် အတင်းကျပ်လျှောက်ခိုင်းပြီး ငွေတောင်းခံခြင်း၊လုပ်ငန်းလိုင်စင်များကို တရားမဝင်နားလည်မှုဖြင့် အဓမ္မငွေတောင်းခံခိုင်းခြင်းများ ပြုလုပ်နေကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။
မြင်းခြံမြို့နယ်သည် စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မိုဘိုင်းအင်တာနက်များပါ ဖြတ်တောက်ခံထားရသည်။