ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ အဝေးပြေးဂိတ်မှာ စစ်ကောင်စီက နာမည်စာရင်း စာရွက်တွေ လိုက်ပေးပြီး စာရင်းထဲပါ နာမည်၊ မှတ်ပုံတင် နံပါတ်တူသူတွေကို လက်မှတ် မဖြတ်ပေးဖို့ ပြီးခဲ့တဲ့ အပတ်ကစပြီး လိုက်လံ ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။
စာရင်းထဲ ပါသူတွေဟာ ဘယ်သူဘယ်ဝါ ဆိုတာ မသိရပေမယ့် နာမည်၊ မှတ်ပုံတင်နံပါတ် အတိအကျနဲ့ စာရင်း ပေးတာကြောင့် စစ်တပ်က ထွက်ပြေးလာတဲ့ စစ်သားတွေရဲ့ အချက်အလက်တွေ ဖြစ်နိုင်တယ်လို့ ကားဂိတ်တွေက သုံးသပ်ပါတယ်။
“စစ်ပြေးတွေ များလာလို့နေမယ်။ ကားဂိတ်တွေကို သူတို့လာပြောတဲ့ နာမည်တွေဆို ကားလက်မှတ် မဖြတ်ပေးဖို့ လိုက်ပြောနေတာ” လို့ လွိုင်ကော် ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် လွိုင်ကော်မြို့အဝင်၊ အထွက်မှာ ခရီးသည်တင် ယာဥ်တွေကို အဓိက စစ်ဆေးနေတာ တစ်ပတ်ခန့်ရှိပြီလို့ ဒေသခံတွေက ဆိုပါတယ်။
“ရှမ်းပြည်ကနေ လာရင် လွိုင်ကော် မရောက်ခင် နွားလဝိုးဂိတ်မှာ စစ်တယ်။ ၂၂၄ မှာ တစ်ဂိတ် စစ်တယ်။ မြို့အဝင်က တခါတလေ စစ်တယ်။ အခု ပြန်စစ်နေတာ တစ်ပတ်လောက်ရှိပြီ” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက အခုလို လွိုင်ကော်မြို့အတွင်း စစ်ဆေးမှု တင်းကြပ်နေတာဟာ ထွက်ပြေးသွားတဲ့ စစ်သားတွေရဲ့ နာမည်စာရင်းနဲ့ ကိုယ်ရေး အချက်အလက်တွေ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ ပတ်သက်ပြီး မဲခေါင်သတင်းဌာန အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။
အောက်တိုဘာလ ပထမပတ်ကစပြီး လွိုင်ကော်မြို့နယ်က ကျေးရွာ တစ်ချို့နဲ့ မြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီက တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်နေတာကြောင့် အိမ်အတွင်း ၀င်ရောက်စဥ် မတရား ဖမ်းဆီးခံရမှာကို စိုးရိမ်ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။