လူမှုကွန်ယက်ပေါ်၌ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုများနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁,၃၀၀ ကျော်ရှိသည်ဟု Data for Myanmarက ယနေ့ ထုတ်ပြန်သည်။
ထိုသို့ ပြောဆိုဆက်သွယ်မှုကြောင့် ၂၀၂၂ ဖေဖော်ဝါရီမှ ယခုနှစ် ၂၀၂၃ စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံရသူ အရေအတွက်မှာ ၁,၃၁၆ ဦး ရှိကြောင်းတွေ့ရသည်ဟု ဖော်ပြသည်။
လူမှုကွန်ယက်ကနေ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့်တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဟု ၂၀၂၂ ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီးနောက် ဖမ်းဆီးအရေးယူမှုများကို စစ်ကောင်စီ ဝါဒဖြန့်နေ့စဉ်သတင်းစာများနှင့် စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းမီဒီယာများက တဆင့်နေ့စဉ် ဖော်ပြနေကြောင်း ထုတ်ပြန်သည်။
“ဖမ်းဆီးခံရသူတွေထဲမှာ Facebook အသုံးပြုသူတွေက အများစုဖြစ်ပြီး TikTok နဲ့ Telegram အသုံးပြုသူအချို့လည်း ပါဝင်ပါတယ်။ လူမှုကွန်ယက်ပေါ်မှာ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေကြောင့် အဖမ်းခံရသူ အရေအတွက်ဟာ လစဉ် ပျမ်းမျှ ၆၅ ဦးခန့်ရှိပါတယ်။”ဟု Data for Myanmarက ထုတ်ပြန်သည်။
၂၀၂၂ မေ၊ ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်တွင် လစဉ် လူ ၁၀၀ ကျော်ဖမ်းဆီးခဲ့ပြီး ၄ လပေါင်း လူဦးရေ ၅၀၀ အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။
“အဖမ်းခံရသူတွေထဲက ထက်ဝက်နီးပါးက ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတွေက ဖြစ်ပြီးတော့ လူ ၆၀၀ ကျော်ရှိပါတယ်”ဟု ဖော်ပြထားသည်။
စစ်ကောင်စီက ၎င်းတို့ ဖမ်းဆီးခဲ့သူများကို အမှန်တကယ် ဖမ်းဆီး ထောင်ချခြင်းရှိမရှိ၊ ပြန်လည်လွတ်မြောက်မှု ရှိ၊မရှိနှင့် နောက်ဆုံးအခြေအနေ စသည့် တစ်ဦးချင်း အသေးစိတ်အချက်အလက်များကို Data for Myanmar အနေဖြင့် မသိရှိကြောင်းလည်း ထုတ်ပြန်သည်။
အချက်အလက်များကို နေ့စဉ်သတင်းစာများ၊ စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းမီဒီယာများ၏ ဖော်ပြချက်များကို တိုက်ဆိုင်စစ်ဆေးပြီး စုစည်းထားခြင်းဖြ်စကြောင်း၊ နာမည်ထပ်နေသည်ကို တစ်ကြိမ်သာရေတွက်ထားပြီး လူနာမည်မပါသည့် ပိုင်ရှင်(စိစစ်ဆဲ)ဖမ်းဆီးခံရသူများကို ချန်လှန်ထားသည်ဟု ဆိုသည်။