စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံအနီးတွင် စစ်ကောင်စီတပ်သားများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရမဲမှောင်ပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
ယမန်နေ့ (အောက်တိုဘာ ၇ ရက်) နံနက် ၈နာရီခန့်က ဆားလင်းကြီးမြို့နယ်ရှိ မြန်မာယန်စီကုမ္ပဏီဝင်းမှထွက်လာသည့် စစ်ကောင်စီတပ်သားများအား (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brother Defence Force တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိသည်ဟု သတင်းပေးနှင့် မျက်မြင်တွေ့သူများ၏ အတည်ပြုချက်အရသိရကြောင်း စစ်ဆင်ရေးတွင်ပါဝင်သည့် မဲမှောင်ပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
“ယန်စီက နေထွက်လာတာ။ အင်အားကလည်း ၃၀ကျော်လောက် ပါတယ်။ မိုင်းကွင်းထဲရောက်လာချိန် ကျွန်တော်တို့ကလည်းအသိ တန်းခွဲလိုက်တာပါ။”ဟု မဲမှောင်ပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိရဲဘော်က ပြောသည်။
သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း(၁၆)၊တပ်ခွဲ (၁)Brother Defence Force နှင့် မဲမှောင်ပြောက်ကျားတပ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီစီမံကိန်းဝင်းအတွင်းရှိ စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အနီးဝန်းကျင်ကျေးရွာ ခြောက်ရွာမှ ထောင်နှင့်ချီသော ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၄ လကျော်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ဘေးရှောင်ပြည်သူအရေအတွက်များပြားနေ၍ ရိက္ခာနှင့် အမိုးအကာများလည်း လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ယင်းမာပင်၊ဆားလင်းကြီး၊ ကနီနှင့် ပုလဲမြို့နယ်တို့၌ စစ်ကြောင်းထိုးနေ၍ လက်နက်ခဲယမ်းများလိုအပ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။