ဧရာဝတီတိုင်း ရေကြည်မြို့တွင် လျှပ်စစ်မီတာပုံး ဖြုတ်သိမ်းခံရမှုအပေါ် မကျေနပ်၍ လူမှုကွန်ယက်ပေါ် ရေးတင်ခဲ့သည့် Non CDM ပညာရေးဝန်ထမ်း (၁၀)ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့က ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရကြောင်း သတင်းရရှိသည်။
ရေကြည်မြို့တွင်း ရပ်ကွက်နေရာအလိုက် လျှပ်စစ်မီတာခ မပေးဆောင်သည့် နေအိမ်များ၏ မီတာပုံးများကို လိုက်လံဖြုတ်သိမ်းခံမှုနှင့် ပက်သက်၍ လူမှုကွန်ယက်ပေါ် ရေးတင်ခဲ့သည်ဟုဆိုကာ အောက်တိုဘာလ ၅ ရက်နေ့က အထက်တန်းပြ ကျောင်းဆရာမ ၂ ဦး၊ အလယ်တန်းပြကျောင်းဆရာမ ၃ ဦး နှင့် မူလတန်းပြ ကျောင်းဆရာမ ၅ ဦး ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
” လိုင်းပေါ်ကို မီတာပုံးတွေ အဖြုတ်ခံရတာနဲ့ ပက်သက်ပြီးတော့ ရေးတင်လို့ ရဲတွေလာဖမ်းသွားတာ။ ရဲစခန်းမှာ တစ်ညဖမ်းပြီး အစစ်ခံခဲ့ရတယ်။ အမှုတော့ အဖွင့်မခံရသေးဘူး”ဟု ဖမ်းဆီးခံရသူအထက်တန်းကျောင်းဆရာမ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။
ဖမ်းဆီးခံရသူ ကျောင်းဆရာမများကို တစ်ဦးလျှင်ငွေကျပ် ငါးသိန်း တောင်းခံ၍ ခံဝန်လက်မှတ် ရေးထိုးစေကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံက သိရသည်။
” စခန်းမှူးကို ငါးသိန်းပေးလိုက်ရတယ်။ ခံဝန်ကတိထိုးပြီးတော့ ပြန်လွှတ်ပေးတယ်။ နောက်တခါဆိုရင် အမှုဖွင့်ခံရမယ်လို့ ခြိမ်းခြောက်ခံရတယ်”ဟု ဖမ်းဆီးခံရသူ မူလတန်းပြကျောင်းဆရာမတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။