ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာ အနီး၊ သိန္နီ-ချင်းရွှေဟော် လမ်းမပေါ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော်- KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုလ ၇ ရက်နေ့က ကိုးကန့်ဒေသ ချင်းရွှေဟော် သွားလမ်းမှာ KIA က ၁၂ ဘီးကား ၃ စီး အသုံးပြုကာ ကားလမ်းကို ကန့်လန့်ဖြတ် ပိတ်ဆို့ အခွန်ကောက်နေစဥ် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့ မှာတော့ KIA က သွားခွင့်မပြုသေးလို့ ချင်းရွှေဟော်ဘက် သွားမယ့် သွင်းကုန်၊ ပို့ကုန် ၁၂ ဘီးကား အစီး ၂၀၀ ဝန်းကျင် ကားလမ်းမကြီးမှာ ပိတ်မိနေတယ်လို့ ကားသမား တစ်ဦးက ဆိုပါတယ်။
“ကားသေးတွေတော့ KIA က သွားခွင့်ပြုတယ်။ သူတို့က ကားကြီးနဲ့ ပိတ်ထားတော့ အကုန်လုံးက အခက်တွေ့နေပြီလေ။ သူတို့နေတဲ့ နေရာနဲ့ စစ်ကောင်စီတပ်နဲ့ အရမ်းနီးတယ်။ စစ်တပ်လည်း အင်အားတွေ ဖြည့်တာတွေ့တယ်” လို့ ပိတ်မိနေတဲ့ ကုန်တင် ကားသမားက ရှင်းပြပါတယ်။
သန္နီမြို့မှ ၁၀ မိုင်ခန့် ကွာဝေးတဲ့ ကွန်ကောက်ရွာမှာ KIA က ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ကနေ ဒီနေ့အထိ ၁၂ ဘီးကားတွေကို ကန့်လန့်ဖြတ်ရပ်ကာ လမ်းပိတ်ဆို့ အခွန်ကောက်နေတယ်လို့ ကွန်ကောက်ရွာခံတွေက ပြောပါတယ်။
“အခုထိ ကားကြီးတွေလည်း သွားလို့ မရသေးဘူး။ KIA လည်း ရွာထဲမှာလည်းရှိ၊ ကားလမ်းမှာလည်း အပြည့်ပဲ။ ကားကြီးတွေက သူတို့တောင်းတဲ့ အခွန် မပေးလို့ ပိတ်ထားတာလို့ ကြားတယ်” လို့ ကွန်ကောက်ရွာခံ အမျိုးသမီး တစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာလည်း စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကွန်ကောက်၊ တန့်ဆည်၊ နောင်မောင်း၊ တန့်ခန်ရွာနဲ့ ပိန်းဟုန်းကျေးရွာခံ တစ်ထောင်ကျော် နီးစပ်ရာနဲ့ တောတောင်တွေမှာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
တိုက်ပွဲ ဖြစ်ပွားစဥ် ကွန်ကောက်ရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ် ၅ လုံး ထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“KIA က ညဘက်ဆို ရွာထဲ မဝင်ခိုင်းဘူး။ ဝင်တဲ့သူတွေလည်း ပြန်မထွက်ခိုင်းတော့ဘူး။ တစ်ချို့ ဘုန်းကြီးကျောင်းမှာ ရှောင်ကြတယ်။ ဒီမနက်လည်း စစ်တပ်က လက်နက်ကြီးတွေ ထုနေတယ်” လို့ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမျိုးသား တစ်ဦးက ဆိုပါတယ်။
သိန္နီ-ချင်းရွှေဟော်လမ်းဟာ တရုတ်နိုင်ငံ၊ မိန်းတိန်လမ်းပိုင်း အထိ ဆက်သွယ်ထားပြီး မြေပဲ၊ ကြံ၊ ကျောက်မီးသွေး၊ လျှစ်စစ်ပစ္စည်းနဲ့ အိမ်သုံးပစ္စည်းတွေ ကုန်သွယ်ရာ လမ်းကြောင်း ဖြစ်ပါတယ်။