ပဲခူးတိုင်း၊ ရွှေတောင်မြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၉၃၀) အထူးမော်တော်ယာဥ်တပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောက်တိုဘာ ၇ ရက်နေ့ည ၈ နာရီခန့်က အမှတ်(၉၃၀) အထူးမော်တော်ယာဉ်ကားတပ် ဒေသအခေါ် ချော့ခေါ်ကားတပ်ကို တပ်ရင်း ၃၆၀၂၊ တပ်ခွဲ-၃ မှ မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်ခဲ့ရာ တစ်လုံးသာထပ်မံဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ ပြင်ဆင်ထားတာ မိုင်းကနှစ်လုံးဗျ။ တစ်လုံးက မခွဲလိုက်နိုင်ဘူး။ မိုင်းတစ်လုံးဖောက်ခွဲပြီးတဲ့အချိန်မှာ သူတို့(စစ်ကောင်စီတပ်)ဘက်က ဆိုင်ကယ်တွေနဲ့ လိုပစ်လို့ ပြန်ဆုတ်ခဲ့ရတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပြည်ခရိုင် တပ်ရင်း ၃၆၀၂ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။
တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့်နေရာသည်အမှတ်(၉၃၀) တပ်ဝင်းအလယ်လောက်ရှိ စစ်ကောင်စီတပ်နားဆောင်အနီးဖြစ်ပြီး ထိခိုက်မှုအခြေအနေအား အတိအကျ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
တပ်ဝင်းအတွင်း မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ် ခွာနိုင်ခဲ့ကြောင်း တပ်ရင်း ၃၆၀၂ ကအသိပေးသည်။
ပြီးခဲ့သည့် စင်တင်ဘာလ ၂၂ ရက်နေ့ညပိုင်းကလည်း ရွှေတောင်မြို့ ကြာနီကန်ရပ်ကွက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၃ မှ ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။
ထို့ကြောင့် ရွှေတောင်မြို့နယ် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ ထောက်တိုင်အုပ်ချုပ်ရေးမှူး၊ ပျူစောထီး၊ ပြည်သူ့စစ် စသည်တို့နှင့် နီးနီးကပ်ကပ် သွားလာနေထိုင်ခြင်း မပြလုပ်ကြရန်၊ မြို့တွင်း၌သွားလာနေသော အိမ်စီးကားများအနေဖြင့်လည်း မှန်မဲများတပ်ဆင်ခြင်း၊ မှန်တင်၍ မောင်းနှင်ခြင်းများကို မပြုလုပ်ကြရန် သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များက အသိပေးထုတ်ပြန်ထားသည်။