ချင်းပြည်နယ် ၊ မတူပီမြို့နယ်တွင် ဘဏ္ဍာရေးတစုတစည်းတည်းရှာဖွေနိုင်ရန် ရည်ရွယ်ပြီး မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၊ မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့၊ မတူပီမြို့နယ်ကျန်းမာရေး တို့ပူးပေါင်းပြီး ကြားကာလမတူပီမြို့နယ် ဘဏ္ဍာရေးကော်မတီကို အောက်တိုဘာ ၅ ရက်ကဖွဲ့စည်းလိုက်တယ်လို့ သတင်းရရှိပါတယ်။
ကြားကာလ မတူပီမြို့နယ်ဘဏ္ဍာရေးကော်မတီဟာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းနဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ရာမှာ စည်းစည်းလုံးလုံးဖြင့် ဟန်ချက်ညီညီလည်ပတ်နိုင်ရေးကိုရှေးရှုကာ ဘဏ္ဍာငွေများတစုတစည်းတည်းစီးဆင်းလာစေရေးကိုရည်ရွယ်ပြီး ဖွဲ့စည်းကာပြည်တွင်း ပြည်ပရှိဘာသာရေးအသင်းအဖွဲ့များ ၊လူမှုရေးအသင်းအဖွဲ့များထံရှာဖွေရန်ဖြစ်ပါတယ်လို့ သတင်းနှင့်ပြန်ကြားရေး ( မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ )ကထုတ်ပြန်ထားပါတယ်။
“အရင်ကတော့ CDF -Matupi ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး ၊ မြို့နယ်ပညာရေး နဲ့ မြို့နယ်ကျန်းမာရေးဆိုပြီး သီးသန့်စီ ရှာဖွေတဲ့အချိန် ပြည်ပ ရောက် မတူလူမျိုးတွေအတွက်လည်းရှုပ်ထွေးတယ်။ ဒီဘက် ဟိုဘက်ဆိုပြီးတော့၊ စာရင်းတွေပြုစုတဲ့အချိန်မှာလည်း ခက်ခဲတယ်။ ဘဏ္ဍာရေးကိုလည်း ပြည်ပရောက် မတူအဖွဲ့အစည်း ရယ် ပြီးတော့ အသင်းတော်တွေ၊ အခြား တစ်ဦးတယောက်စီကလည်း အဓိကကူညီပံ့ပိုးပါတယ်။ ဒါကြောင့်ကျွန်တော်တို့ဘဏ္ဍာရေးစီးဆင်းမှုလည်း အဆင်ပြေအောင်၊ လုပ်ငန်းဆောင်ရွက်ရာမှာလည်း အဆင်ပြေပြေသွားနိုင်အောင်ကျွန်တော်တို့ဖွဲ့စည်းရခြင်းဖြစ်တယ် “
လို့ သတင်းနှင့်ပြန်ကြားရေး (မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး) တာဝန်ခံ ဆလိုင်းပါထောင်းမှ Zalen ကိုပြောပါတယ်။
ဆက်လက်ပြီး ဆလိုင်းပါထောင်းက “တော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်းမှာ ပြည်သူတွေဘက်ကလည်း အတော်လေး ပင်ပန်းကြပြီး ငွေကြေးပိုင်းဆိုင်ရာမှာကော တစ်ချို့ကူညီပံ့ပိုးဖူးတဲ့သူတွေကော လက်ပန်းကျတဲ့အခြေနေတွေရှိပါတယ်။ ကာကွယ်ရေးကိုပဲပိုပြီးဦးစားပေးရမလာ ငွေကြေးက တစုတစည်းတည်း မစီးဆင်းတော့ ဝေခွဲရဖြစ်နေကြပြီးပြည်သူ့အုပ်ရေး ၊ပညာရေး နဲ့ ကျန်းမာရေးဖွဲ့စည်းကြတယ်။ မူအရတော့ ကာကွယ်ရေးဘက်ကလည်း လုပ်ငန်းပိုင်းဆိုင်ရာမှာ သီးသန့်ဖြစ်နေတော့ သဘောတူလာမှာပါ။ ပြည်သူဘက်မှ အားမလျော့ပဲ ယခင်ထက်ပိုပြီးပါဝင်အားဖြည့်ပေးကြပါ”လို့ ပြောသွားပါတယ်။