ကချင်ပြည်နယ်၊ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးက စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်မှု အပေါ် ကုလသမဂ္ဂအနေနဲ့ စိုးရိမ်ပူပန်မိတယ်လို့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်က မနေ့က ည ၁၁ နာရီခွဲခန့်မှာ စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ ၃၀ ကျော် သေကာ ၁၀၀ ခန့် အထိ ဒဏ်ရာရခဲ့တယ်လို့ သတင်းဌာနတွေက ဖော်ပြခဲ့ကြပါ တယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ အဖွဲ့ကို မဖော်ပြထားရဲပါဘူး။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာက မနေ့ညက လိုင်ဇာအနီးက စစ်ရှောင် စခန်းတစ်ခုကို ဗုံးကြဲချတိုက်ခိုက်ခံရတယ်ဆိုတာနဲ့ အဲဒီဖြစ်စဉ်မှာ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့တဲ့အတွက် ကုလသမဂ္ဂအနေနဲ့ စိုးရိမ်ပူပန်နေ တယ်၊ စစ်ရှောင်စခန်းတွေက ခိုလှုံရာ နေရာဖြစ်တဲ့အတွက် အရပ်သားတွေရှိတဲ့ ဘယ်နေရာကိုမဆို စစ်ရေးပစ်မှတ်မဖြစ်သင့်ဘူး လို့ ဖော်ပြခဲ့တာပါ။