ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ် လိုင်ဇာအနီးရှိ အောင်ဂျာဒေသ၌ ယနေ့မနက်မှစ၍ တိုက်ပွဲပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အောက်တိုဘာ ၁၀ရက် ၁၁နာရီမှ တိုက်ပွဲစတင်ခဲ့ပြီး မွန်းလွဲ ၃နာရီခွဲ အထိ တိုက်ပွဲပြင်းထန်နေသည်ဟု ၎င်းကဆိုသည်။
“လေယာဉ်နဲ့ လေးကြိမ် လာပစ်တယ်။ မြစ်ကြီးနားက ဖိုက်တာ ၄စီး မိုးမောက်နယ် အောင်ဂျာရွာကို လေကြောင်း တိုက်ခိုက်မှုလုပ်သွားတာ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယနေ့ နေ့လည် ၁၂နာရီ ၂၇ တွင်တစ်ကြိမ်၊ ၁၂နာရီ ၄၈ တွင်တစ်ကြိမ်၊ ၂နာရီ ၃၆ မိနစ်တွင် တစ်ကြိမ်၊ ၃နာရီ ၄မိနစ်တွင် တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။သို့သော် ထိခိုက်မှု အခြေအနေကို မသိရသေးပေ။
မိုးမောက်မြို့နယ် အောင်ဂျာဒေသရှိ စစ်ကောင်စီတပ်စခန်းကို KIAက စက်တင်ဘာလအတွင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ထို့နောက် KIAနှင့် စစ်ကောင်စီတပ်အကြား အဆိုပါဒေသ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများမကြာခဏပြုလုပ်လျက်ရှိသည်။
တိုက်ပွဲများ၌ အထိနာသည့် စစ်ကောင်စီတပ်သည် အောက်တိုဘာ ၉ရက်ညပိုင်းတွင် လိုင်ဇာဒေသရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် စစ်ဘေးရှောင် ပြည်သူ ၃၀ဦးနီးပါးသေဆုံးကာ ၅၀ဦးကျော် ဒဏ်ရာရခဲ့သည်။