မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း(၈၀)နဲ့ (၉)လမ်းထောင့်က အမှတ်(၄)ရဲစခန်းရှေ့မှာ ဒီနေ့ညနေပိုင်း စစ်အုပ်စု နယ်ထိန်းရဲတစ်ယောက် သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
အောက်တိုဘာ (၁၀)ရက် ဒီညနေ (၆)နာရီကျော်လောက်က အမှတ်(၄)ရဲစခန်းက စစ်ကောင်စီ လက်အောက်ခံ နယ်ထိန်းရဲတစ်ယောက် စခန်းရှေ့မှာတင် ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။
“စစ်သားတွေ အများကြီး ရောက်နေတယ်။ နားထင်တေ့ ပစ်ခံရတာတဲ့။ သေသွားပြီလို့ ကြားတယ်” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
ပစ်ခတ်သူက ဆိုင်ကယ်စီးရင်း ပစ်ခတ်သွားတာဖြစ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်သူက ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ (၉)လမ်း၊ (၇၉)လမ်းနဲ့ လမ်း(၈၀)ကြားမှာ ရဲတပ်သားအဆင့်တစ်ယောက် အပြင်ကနေ စခန်းကို ပြန်လာချိန် ပစ်ခတ်ခံရတာ ဖြစ်ကြောင်းနဲ့ မသေသေးဘဲ ဆေးရုံပို့ထားတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
ယမန်နေ့ အောက်တိုဘာ(၇)ရက် နေ့လယ်ပိုင်းကလည်း မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၁၉)လမ်းနဲ့ ရွှေတချောင်းမြောင်း (၈၆)လမ်းထောင့်၊ ညောင်ပင်စျေးအနီးက ရပ်ကွက်ရုံးမှာ ဂိတ်အစောင့်ကျနေတဲ့ စစ်အုပ်စု တပ်ကြပ်အဆင့် တစ်ယောက် အရပ်ဝတ်နဲ့ ရှိနေချိန် ရပ်ကွက်ရုံးရှေ့မှာပဲ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မန္တလေးမြို့အနှံ့ ပိတ်ဆို့စစ်ဆေး ဖမ်းဆီးငွေညှစ်တာတွေ လုပ်နေပြီး တချိန်တည်းမှာပဲ စစ်အုပ်စု လက်နက်ကိုင်တွေလည်း မြို့ပြပြောက်ကျား အဖွဲ့တွေရဲ့ တိုက်ခိုက်တာတွေ ခံနေရတာ ဖြစ်ပါတယ်။