ဝက်လက်မြို့နယ်ကနေ ရွှေဘိုမြို့ကို ဆေးခန်းသွားပြတဲ့ ဘုန်းကြီးကားကို လှတောရဲစခန်းကသိမ်းယူလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၆ ရက် နေ့လယ် ၁၂ နာရီလောက်က ဝက်လက်မြို့နယ်၊ မဲကုန်းရွာဒေသခံတွေ ရွှေဘိုမြို့ပေါ်ကို ဆေးခန်းသွားပြပြီး အပြန်မှာ လှတောရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။
အဲ့ဒီကားပေါ်မှာ မဲကုန်းကျေးရွာက ဦးဇင်းတပါး၊ အသက် ၃၀ ကျော် အရွယ် လင်မယား ၂ ဦးနဲ့ အသက် ၄ နှစ် အရွယ် ၎င်းတို့ရဲ့ သားငယ်၊ နောက်ထပ် ၄ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်တို့ပါဝင်တယ်လို့ သိရပါတယ်။
“ကားပေါ်မှာ ထိုးဆေးနဲ့ သောက်ဆေးတွေပါလာလို့ဆိုပြီး ယာဥ်မောင်းတဲ့ ယောက်ျားသားကို ဖမ်းထားတာ။ ဦးဇင်းကို ပြန်လွှတ်လိုက်တယ်။ အဲ့တော့ သူ့(ယာဉ်မောင်း)မိန်းမနဲ့ကလေးက သူ့ယောက်ျားမှ မပါရင်မပြန်ဘူး သတ်ချင်သတ်ဆိုပြီး စခန်းမှာပဲနေကြတယ်။” လို့ မဲကုန်းကျေးရွာဒေသခံ တဦးက ပြောပါတယ်။
အဖမ်းခံထားရတဲ့ မိသားစုဟာ ဝက်လက်မြို့ပေါ်က မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ပြန်လည် လွတ်မြောက်လာပေမယ့် ဘုန်းကြီးကားကိုတော့ လှတောရဲစခန်းက သိမ်းထားလိုက်တယ်လို့ သူက ဆိုပါတယ်။
အသိမ်းခံလိုက်ရတဲ့ ဘုန်းကြီးကားဟာ မဲကုန်းကျေးရွာ၊ ရန်ကင်းကျောင်းတိုက်က ကားဖြစ်တယ်လို့ သိရပါတယ်။
လှတောရဲစခန်းဟာ မဲကုန်းကျေးရွာရဲ့ မြောက်ဘက် ၂ မိုင်အကွာမှာရှိပြီး ကားလမ်းဘေးမှာ ရှိတာကြောင့် ဒေသခံတွေက ဒီစခန်းကိုဖြတ်ပြီး သွားလာရတာဖြစ်ပါတယ်။
လှတောရဲစခန်းမှာ စစ်တပ် တပ်စွဲထားတာ ၁ နှစ်ကျော်ရှိနေပြီး ခရီးသွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေးပြီး မကြာခဏ ငွေတောင်းလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။