လိုင်ဇာမြို့အနီး နမ်ဆန်ယန်တစ်လျှောက်မှာ စစ်တပ်က လေကြောင်းနဲ့ ထပ်ပြီး ပျံဝဲနေတဲ့အပြင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာကြောင့် ဝေကြိုင်စစ်ဘေးရှောင် ပြည်သူများ ညတွင်းချင်းထပ်ပြီး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
” ခုခု ပြေးနေရပြီ ခုလေးတင် နမ်ဆန်ယန်ဘက်ကို တစ်လုံးချသွားတယ်။ ခု လိုင်ဇာဘက်ကိုလည်း ထပ်ပြီးဝဲနေလို့ ပြေးနေရပြီ” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်တပ်ဘက်က အောက်တိုဘာလ ၉ ရက်ည လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်သွားလို့ စစ်ဘေးရှောင်အပါအဝင် အရပ်သားပြည်သူ အများအပြားထိခိုက်သေဆုံးခဲ့ပါတယ်။
ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဟာ ငြင်းဆိုနေဆဲဖြစ်ပါတယ်။
ဒါပေမယ့် ကျန်ရစ်တဲ့ စစ်ဘေးရှောင်တွေပြောတာကတော့ ဒီပစ်ခတ်မှုဟာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတာ မှန်ကန်တယ်လို့ ပြောဆိုနေကြပါတယ်။
ဒါ့အပြင် လက်ရှိချိန်ထိ လိုင်ဇာဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲဖြစ်ပြီး အောင်ဂျာဘက်မှာလည်း တိုက်ပွဲပြင်းထန်နေသလို စစ်တပ်ဘက်က လေကြောင်းနဲ့ ဒီည ၉ နာရီမှာတစ်ကြိမ် နမ်ဆန်ယန်ဘက် ဗုံးကြဲသွားတယ်လို့ သိရပါတယ်။