စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဂူတဲစုကျေးရွာ တွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာထိခိုက်မှုများရှိကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (အောက်တိုဘာ ၉ရက်) နေ့လယ် ၁ နာရီခန့်က ရေဦးမြို့၊ တိုင်းရင်းဆေးရုံမှ ခင်ဦးမြို့နယ်ဘက်သို့ အင်အား ၁၀၀ခန့်ဖြင့် ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းအား ရွှေဂူတဲစုကျေးရွာ တံတားထိပ်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများလည်းရှိနိုင်ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က အသိပေးသည်။
“တဲစုရွာအရှေ့ထိပ် ဘုန်းကြီးကျောင်းနားမှာဖြစ်တာ။ လက်နက်ကြီး ၅လုံးပစ်ပြီး လက်နက်ငယ်တွေနဲ့ ခဏတော့ဖြစ်သေးတယ်လို့ သိရတယ်။”ဟု ဒေသတွင်း ပြည်သူ့ရဲဘော်တစ်ဦးက ပြောသည်။
ခလရ(၇၁)မှ စစ်ကြောင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသွားသူများအား တဲစုဘုန်းကြီးကျောင်းအတွင်း ၌ ဆေးကုပေးနေကြောင်း ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF)အဖွဲ့က အသိပေးသည်။
အဆိုပါ စစ်ဆင်ရေးကို ရွှေဘိုခရိုင်အမှတ်(၃) တပ်ရင်း ၊ တပ်ခွဲ (၂)တပ်ခွဲမှူး ဦးစီးတပ်ခွဲနှင့် ခင်ဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်ကလည်း ရေဦးတိုင်းရင်းဆေးရုံမှ မူးတိမ်ချောင်းသို့ရိက္ခာပို့ပြီး ပြန်လာသော စစ်ကောင်စီယာဉ်တန်းအား အလင်းရောင်ကာကွယ်ရေးအဖွဲ့ နှင့် KUWF ကာကွယ်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တစ်စီးထိမှန်ပျက်စီးခဲ့သည်။