ဘဏ္ဍာရေးစစ်မျက်နှာ တိုက်ပွဲလို့ ခေါ်တဲ့ စစ်တပ်ပိုင် ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေကို မဝယ်ယူ မသုံးစွဲကြဖို့ သပိတ်မှောက်ရေး ဒုတိယအဆင့်အနေနဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုလုပ်ငန်း ၈ မျိုးကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်သူတွေ သပိတ်မှောက်ရမယ့် ကုန်စည်နဲ့ ဝန်ဆောင်မှုလုပ်ငန်း ၈ မျိုးတို့ဟာ အောင်ဘာလေထီ၊ နန်းမြိုင်တံဆိပ်ကော်ဖီမျိုးစုံ၊ ရွှေဖီဦးတံဆိပ် အသင့်ဖျော် လက်ဖက်ရည်၊ လီမွန်တီး၊ ရွှေမန်းသူ ယာဉ်လိုင်း၊ ပုသိမ်သူ ယာဉ်လိုင်း၊ သန်မြန်သူ ယာဉ်လိုင်း၊ ရှမ်းမလေး ယာဉ်လိုင်း တို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့ စစ်တပ်ပိုင် ကုန်ပစ္စည်း သပိတ်မှောက်မှု ပထမအဆင့်အနေနဲ့ မြန်မာဘီယာ အပါအဝင် အရက် ဘီယာ စီးကရက် ကုန်ပစ္စည်းအမှတ်တံဆိပ် ၈ မျိုးကို ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အဆိုပါ တိုက်တွန်းချက် ထုတ်ပြန်အပြီးမှာ နာမယ်ကြီး ကုန်တိုက်တွေ အပါအဝင် တနိုင်ငံလုံးမှာရှိတဲ့ ဈေးဝယ်စင်တာတွေ စတိုးဆိုင်တွေ ကုန်ပစ္စည်းအရောင်းဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်တွေ ရောင်းချဖို့ စစ်ကောင်စီ ပြည်ထဲရေးဌာနက ဖိအားပေးမှုတွေ ရှိလာပြီး ဈေးဆိုင်တွေမှာ ဝင်ရောက်စစ်ဆေးတာတွေ ရှိတယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ထုတ်ပြန်တဲ့ စစ်ကောင်စီပိုင် ပြည်သူတွေ သပိတ်မှောက်ရမယ့် The Boycott List စာရင်းမှာတော့ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်း ၆ ခု၊ စီးကရက် ထုတ်ကုန်တံဆိပ် ၂ မျိုး၊ ဆက်သွယ်ရေးလုပ်ငန်း ၂ ခု၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ပစ္စည်းအမှတ်တံဆိပ် ၇ ခု၊ ဖျော်ဖြေရေးနဲ့ ခရီးသွားဝန်ဆောင်မှု ၁၃ ခု၊ အစားအသောက်အမှတ်တံဆိပ် ၃၈ ခု၊ ကျန်းမာရေးနဲ့ အလှအပထုတ်ကုန် ၄ ခု၊ ကျန်းမာရေးဝန်ဆောင်မှု ၉ နေရာ၊ စက်ရုံ အလုပ်ရုံ ၄ ခု၊ နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်း ၁၃ ခု၊ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း ၅ ခု၊ မီဒီယာ ၁၉ ခု၊ ကုန်တိုက် ၈ ခု၊ ကုန်သွယ်ရေးကုမ္ပဏီ ၇ ခု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ၁၄ ခု စတဲ့ တပ်ပိုင်လုပ်ငန်းစုစုပေါင်း ၁၅၁ ခု ကို ဖော်ပြထားပါတယ်။