ပဲခူးတိုင်း၊ ပဲခူးမြို့တွင် မြစ်ရေကြီးမှုကြောင့် ၄ ရက်တာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ရေများ ပြန်လည် ကျဆင်းနေပြီဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အောက်တိုဘာလ ၇ ရက်နေ့မှစတင်ပြီး မြစ်ရေကြီးခဲ့ရာမှ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မြို့နေရာအများစုတွင် ရေများ ပြန်လည် ကျဆင်းနေပြီဖြစ်ကြောင်း၊ အနိမ့်ပိုင်းနေရာများတွင် ရေ ဆက်လက် ကျန်ရှိနေသော်လည်း ပဲခူးမြို့၏ မြို့လယ်ခေါင် နေရာများတွင် ရေကျဆင်းကာ အသွားအလာ ပြုလုပ်နိုင်ပြီဖြစ်သည်ဟု သိရှိရသည်။
“မိုးပါးသွားတာရယ်၊ မြစ်ရေကလည်း စီးနေတာဆိုတော့ ရေက တင်မကျန်ဘဲ ကျသွားပြီ။ မိုးသိပ်မရွာလို့ သက်သာသွားတာပါ။ ဒီနေ့ မနက်တော့ ပဲခူးမြို့လယ်မှာ ဆိုင်ကယ်တွေ ကားတွေ စသွားလို့ရပြီ။ အနိမ့်ပိုင်းတွေတော့ ရေဆက်ရှိနေသေးတယ်။ ဥပမာ- ဇိုင်းတောင်၊ ဇိုင်းမြောက်၊ ကလျာဏီ အဲဘက်တွေကတော့ ရေကျန်ဦးမယ်။ သူတို့ကတော့ အနိမ့်ပိုင်းတွေဆိုတော့လေ။ ဒီညနေလောက်ဆိုရင်တော့ အဲဒီဘက်တွေလည်း ရေကျသွားဖို့များပါတယ်” ဟု ပဲခူးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ပဲခူးမြစ်ရေပြန်လည် ကျဆင်းပြီးနောက် ရေကြီးမှု ဖြစ်ပေါ်ခဲ့သော ပဲခူးမြို့ပေါ်မှ နေအိမ်များ၊ စျေးဆိုင်များ၊ လမ်းများတွင် ရွံ့နွံ့များ တင်ကျန်ရစ်နေပြီး ပြန်လည် ဆေးကြောမှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း၊ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိပြီး အဓိကအားဖြင့် စျေးဆိုင်များ၊ စျေးများတွင် ကုန်ပစ္စည်းများ ဆုံးရှုံးမှုရှိကြောင်း၊ မော်တော်ကားများ ရေနစ်သဖြင့် ပျက်စီးဆုံးရှုံးမှုများစွာရှိကြောင်း သိရှိရသည်။
ပဲခူးမြို့တွင် အောက်တိုဘာလ ၇ ရက်နေ့မှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ ၄ ရက်တာ ရေကြီးမှု ကာလအတွင်း လူ ၁ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။