စစ်ကောင်စီတပ်က အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့အထိ နှစ်နှစ်ခွဲကျော်အတွင်း မှာ စစ်ကောင်စီတပ်ကြောင့် ကလေးငယ်တွေနဲ့ ခရစ်ယာန်ဓမ္မဆရာတွေ အပါအဝင် နိုင်ငံတစ်ဝန်းက ချင်းလူမျိုး ၅၂၈ ဦးသေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ ချင်းပြည်ထဲက အပြင် မြန်မာနိုင်ငံ အနှံ့မှာ နေထိုင်တဲ့ ချင်းလူမျိုးတွေကို စာရင်းပြုစုထားတာဖြစ်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ချင်းတော်လှန်ရေးတပ်သား တွေလည်းပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေအပါဝင် မြေမြှုပ်မိုင်းနင်းမိတာ၊ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် အရပ်သားအမျိုးသမီး ၃၈ ဦးနဲ့ အမျိုးသား ၁၇၉ ဦး စုစုပေါင်း ၂၁၇ ဦး ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ကလေး မိန်းကလေး လေးဦးနဲ့ ယောက်ျားလေး နှစ်ဆယ် ဦး စုစုပေါင်း ၂၄ ဦးသေဆုံးပြီး အဲဒီထဲမှာ ခရစ်ယာန် ဘာသာရေးဓမ္မအမှုတော်ဆောင် ငါးဦးနဲ့ ခရစ်ယာန်သင်းထောက် သုံးဦးလည်း စစ်ကောင်စီလက်ချက်နဲ့ သေဆုံးရတယ်လို့ ဆိုပါတယ်။
သေဆုံးတဲ့ စာရင်း ၅၂၈ ထဲမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့၀င် အမျိုးသမီး ၁၅ဦး ၊ အမျိုးသား ၂၉၆ ဦး ရှိနေပြီး စုစုပေါင်း ၃၁၁ ဦး သေဆုံးတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ခရစ်ယာန်ဘုရားကျောင်း အပါအဝင် ဘာသာရေးအဆောက်အုံ ၁၀၁ ခု ဖျက်စီးခဲ့ပြီး နေအိမ် ၂၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဒုက္ခသည် တစ်သိန်းခန့်ရှိနေပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ဒုက္ခသည် ခြောက်သောင်းနီးပါး ခိုလှုံနေရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ပြောပါတယ်။