ကချင်ပြည်နယ် ဖားကန့်မြို့မှာ မြို့နယ်အခွန် ဦးစီးဌာနရုံးက အရာရှိအဆင့်ဝန်ထမ်း အမျိုးသား ၂ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ အခွန်ရုံးနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဖားကန့်မြို့နယ် အခွန်ဦးစီးဌာနရုံးက ဒုဦးစီးမှူးတစ်ဦးနဲ့ လက်ထောက်ဦးစီးတစ်ဦးတို့ကို မနေ့က အောက်တိုဘာ ၁၀ ရက်နေ့ညပိုင်းမှာ လူတစ်စုကဖမ်းဆီးသွားတယ်လို့ ဖားကန့်အခွန်ဦးစီးရုံးနဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါတယ်။
ဒေသခံတွေပြောဆိုချက်အရ အဲ့ဒီအခွန်ဝန် ထမ်းနှစ်ဦးဟာ မနေ့က ၃နာရီခွဲအချိန်မှာ မှော်ဝမ်းရပ်ကွက်ထဲ စျေးဝယ်ထွက်တဲ့အချိန်ဖမ်းဆီးခံရတာဖြစ်ပြီး အရပ်ဝတ်နဲ့လူတစ်စုက အိမ်စီးကား ခေါ်တင်ဖမ်းဆီးသွားတာလို့ သိရပါတယ်။
လက်ရှိဖမ်းခံရတဲ့ဝန်ထမ်း အခွန်ဝန်ထမ်း ၂ဥဦးရဲ့နာမည်တွေကိုတော့စုံစမ်းနေဆဲဖြစ်ပါတယ်။
ဖားကန့်မှာ စစ်ကောင်စီလက်အောက်ခံ ရဲ၊ မီးသတ်နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဖမ်းဆီးခံရမှုဖြစ်စဥ်တွေအရင်ကရှိခဲ့သလို တော်လှန်ရေးအင်အားစုနဲ့ပတ်သက်ဆက်နွယ် နေသူတွေကိုလည်း စစ်ကောင်စီဘက်က မကြာခဏဖမ်းဆီးတာမျိုးရှိနေပါတယ်။