စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ တနင်္သာရီမြို့နယ်ထဲက လယ်တွေမှာ တပ်ဖွဲ့ရိက္ခာအတွက် စပါးစိုက်ပျိုးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၂) ရဲ့ ထောက်ပို့တပ်စိပ်မှူး ကိုဂျင်းက ပြောပါတယ်။
အခုလ ၉ ရက်ကစပြီး တပ်ဖွဲ့ဝင်အင်အား ၃၀ ဝန်းကျင်နဲ့ လယ်ဧက ၂၀ နီးပါးမှာ နှံကောက်စပါးအမျိုးအစားတွေကိုစိုက်ပျိုးထားတာဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) ကနေ သိရပါတယ်။ နှံကောက်စပါးဟာ သက်ငယ်စပါးအမျိုးအစားဖြစ်ပြီး အချိန် ၂ လခွဲနဲ့ရိတ်သိမ်းလို့ရတဲ့ စပါးအမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ဒီလိုလုပ်တာက တပ်ရင်းအတွက်၊ တပ်မအတွက် ပြီးရင်ပြည်သူလူထုကလည်းပင်ပန်းလာတော့ ခံတင်းနိုင်အောင်လို့ ရသလိုလိုက်ကြုံးရုန်းပြီးလုပ်နေတာပါ” လို့ ကိုဂျင်းကပြောပါတယ်။
လက်ရှိစိုက်ပျိုးနေတဲနယ်မြေဟာ နယ်မြေအခြေအနေအရ စစ်ရေးနဲ့ပတ်သက်ပြီး အန္တရာယ်များတဲ့နေရာဖြစ်တဲ့အတွက် လယ်ပိုင်ရှင်တွေ မစိုက်ပျိုးကြတော့တဲ့နေရာတွေ ဖြစ်တယ်လို့ မြို့နယ်အတွင်းလယ်ပိုင်ရှင်တွေဆီကနေ သိရပါတယ်။
တနင်္သာရီမြို့နယ်ဟာ တနင်္သာရီတိုင်းမြို့နယ်ဆယ်ခုအနက် ဧရိယာအကြီးဆုံးမြို့နယ်တစ်ခုဖြစ်ပြီး တနင်္သာရီတိုင်းဧရိယာရဲ့ လေးပုံတစ်ပုံကျော်အကျယ်အဝန်းရှိပါတယ်။
တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့ယှဥ်ရင် အခုနှစ်အတွင်း စပါးစိုက်ပျိုးသူများလာပေမယ့် မိုးများပြီးရေကြီးတာ၊ စပါးဖျက်ပိုးကျတာတွေကြောင့် ဖြစ်ထွန်းတာနည်းတယ်လို့ လယ်ပိုင်ရှင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုကြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အားကောင်းတဲ့ တနင်္သာရီတိုင်းထဲက မြို့နယ်တွေကို စစ်ကောင်စီက ဆန်နဲ့ ရိက္ခာ၊ ဆေးဝါးသယ်ယူမှုတွေကို ကန့်သတ်ပိတ်ပင်ထားတာတွေလည်း ရှိနေပါတယ်။
တနင်္သာရီတိုင်းထဲက တနင်္သာရီအပါအဝင်မြို့နယ်တချို့မှာ ပြည်သူတွေမစိုက်ပျိုးတော့လယ်မြေဧရိယာတွေ၊ တောင်ယာတွေကို ခွင့်တောင်းပြီး တပ်ဖွဲ့ရိက္ခာအတွက် စပါးစိုက်ပျိုးတာတွေလုပ်ဆောင်နေကြပါတယ်။