ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီပိုင် မြန်မာဘီယာစက်ရုံကို (၁၀၇) မမရှော့တိုက်ဒုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation(U.S.O)မှ တာဝန်ရှိသူကပြောသည်။
“အဓိကက အကြမ်းဖက်စစ်ကောင်စီရဲ့ စီးပွါးရေးတစ်ခုမို့လို့ကို တိုက်ခိုက်တာပါ ။ဆက်စပ်ပြီး ရှေ့လထဲမှာ ဖိအားပေး ရောင်းချခိုင်းနေတာမျိုးတွေ သတင်းမှာတက်လာတာတွေလည်း တွေ့လို့ပါ” ဟု ယင်းတိုက်ခိုက်မှုလုပ်ဆောင်ရသည့်အကြောင်းကို အထက်ပါတာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်မှုကို အောက်တိုဘာ ၁၂ ရက် ည ၇ နာရီခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ဘက်တော်သား အတွင်းဖရဲသီး၏ သတင်းပေး ပူးပေါင်းကူညီမှုဖြင့် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု U.S.Oက ထုတ်ပြန်ထားသည်။
ရှော့တိုက်ဒုံးနှစ်လုံးစလုံး မြန်မာဘီယာစက်ရုံဝင်းအတွင်းသို့ ကျရောက်ခဲ့ပြီး အထိအခိုက်အကျအဆုံးရှိနိုင်ကြောင်းနှင့် လူနာတင်ယာဉ် နှစ်စီး အဆိုပါစက်ရုံအတွင်းဝင်သွားကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
U.S.Oသည် မြို့ပြအထူးစစ်ဆင်ရေးများ လုပ် ဆောင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင်ကြေညာခဲ့ပြီးနောက် စတုတ္ထမြောက်ပြုလုပ်သည့် စစ်ဆင်ရေးဖြစ်သည်။
စစ်ကောင်စီ၏ အဓိကစီးပွားရေးများကို Boycott ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများက တွန်းအားပေးလုပ်ဆောင်လျက်ရှိသောကြောင့် မြန်မာဘီယာရောင်းအားကျဆင်းလာသည့်အပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်များကို ၎င်းတို့၏ ထုတ်ကုန်များရောင်းချရန် ခြိမ်းခြောက်မှုများလုပ်ဆောင်နေသည်။