ထားဝယ်မြို့နယ်ထဲက အရှေ့တောဒေသကို ပြေးဆွဲနေတဲ့ ကုန်တင်ယာဥ်၊ ခရီးသည်ယာဥ်တွေဟာ ခရီးတစ်ခေါက်စာဆီဖိုးထက်ပိုများတဲ့ ငွေပမာဏကို လမ်းတစ်လျှောက်က စစ်ကောင်စီဂိတ်တွေကို ပေးနေရတယ်လို့ ယာဥ်မောင်းအသိုင်းအဝိုင်းက ပြောပါတယ်။
ထားဝယ်မြို့ကနေ မေတ္တာမြို့လမ်းပိုင်းမှာ ဗျောတောဝဂိတ်၊ ရှစ်မိုင်ဂိတ်၊ ပကာရီဂိတ်တို့မှာ အဓိက ငွေတောင်းနေတာဖြစ်ပြီး တစ်ဂိတ်ကို ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ပေးရတယ်လို့ ထားဝယ်အရှေ့တော့ ပြေးဆွဲတဲ့ ယာဥ်မောင်းတချို့က ပြောပါတယ်။
ကုန်ပစ္စည်းနဲ့ ခရီးသည်တွေသည်ဆောင်နေတဲ့ ကားတွေဟာ ထားဝယ်အရှေ့တောရွာကနေ ထားဝယ်မြို့ကို နေ့ချင်းပြန်ပြေးဆွဲလေ့ရှိပါတယ်။ ကားတစ်ခေါက်ကို ပျမ်းမျှဆိုရင် ဆီဖိုး ကျပ်ငါးသောင်းဝန်းကျင်ကုန်ကျတယ်လို့ သူတို့က ဆိုပါတယ်။
“ရှစ်မိုင်ဂိတ်က အဆိုးဆုံးပဲ။ တစ်ပြားနှစ်ပြားဆိုပြီးတောင်းတာ။ သူတို့ အခေါ် တစ်ပြား ဆိုရင် တစ်သောင်း။ အသွားအပြန်ကို ပေးရတယ်၊ ပိုက်ဆံတောင်းတာများလို့ ကားသမားတွေ ညည်းနေကြတယ်” လို့ ဒေသခံယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။
ထားဝယ်အရှေ့တောဒေသဆိုတာ ထားဝယ်မြို့အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကရင်တိုင်းရင်းသားအများစုနေထိုင်ရာ ကျေးရွာတွေကို ဒေသအခေါ်အနေနဲ့ခေါ်ဆိုပြီး ရှစ်မိုင်ဂိတ်ဆိုတာက ထားဝယ်မြို့နဲ့ ပကာရီရွာအကြားက ဂိတ်တစ်ဂိတ်ဖြစ်ပါတယ်။
ထားဝယ်အရှေ့တောမှာရှိတဲ့ စစ်ကောင်စီဂိတ်တွေဟာ နေ့စဥ် ပြေးဆွဲနေတဲ့ ခရီးသည်ကား၊ ကုန်ကားတွေအပြင် ဘောလုံးကားလို့ဒေသကခေါ်တဲ့ ထိုင်းနိုင်ငံကိုမတရားမဝင်လမ်းကြောင်းကသွားမယ့်သူတွေကို တင်လာတဲ့ကားတွေမှာလည်း ငွေသိန်းသောင်းချီပြီးတောင်းခံလေ့ရှိပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်အရှေ့တောလမ်းပိုင်းမှာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်တွေထပ်တိုးချထားပြီး အခုလို ငွေတောင်းတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
အဲဒီအပြင် ထားဝယ်အရှေ့တောဒေသကို ဆန်၊ ရိက္ခာနဲ့ ဆေးဝါးသယ်ဆောင်ခွင့်ပိတ်ပင်တားပြီး တင်ဆောင်လာတဲ့ ကားတွေကို စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက ဖမ်းဆီးတာ ငွေညှစ်တာတွေ လုပ်ဆောင်လေ့ရှိပါတယ်။