စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများအပေါ် မန္တလေးမြို့ နေရာအချို့တွင် သပိတ်အင်အားစုက ဦးဆောင်၍ ဆန္ဒပြလှုပ်ရှားမှုကို ယနေ့ (အောက်တိုဘာ ၁၄) နံနက်က ပြုလုပ်ခဲ့သည်။
မန္တလေးသပိတ်အင်အားစုမှ လူငယ်များက “Stop Killing Our Children” စာသားအား မြို့အဝင်ဆိုင်းဘုတ် အပါအဝင် လူစည်ကားရာနေရာအချို့၌ လိုက်လံကပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အာဏာသိမ်းစစ်ကောင်စီသည် အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်မှုများကို ဆက်တိုက်ကျူးလွန်နေရုံမျှမက တိုင်းပြည်၏ အနာဂတ်ဖြစ်သော ကလေးသူငယ်များကိုပါ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရက်ရက်စက်စက် လူမဆန်စွာသတ်ဖြတ်လျှက်ရှိရာ အောက်တိုဘာလဝက်အထိ စာရင်းများအရ ကလေးသူငယ် ၄၇၂ဦးရှိနေပြီဖြစ်ကြောင်း မန္တလေးသပိတ်အင်အားစုက ဖော်ပြသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများအား ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချပါကြောင်းနှင့် ကလေးသူငယ်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများအား လက်ရှိစစ်ဘေးဒဏ်ကြောင့် ချို့ယွင်းလျှက်ရှိသော ကလေးသူငယ်အခွင့်အရေးများအား အလေးထားကာ အကူအညီများ ပေးစေလိုကြောင်း မန္တလေးသပိတ်အင်အားစုက တိုက်တွန်းတောင်းဆိုခဲ့သည်။