မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများသည် စစ်တပ်၏ မတရားဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှု၊ အနှောက်အယှက်ပေးမှုနှင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုတို့နှင့် ရင်ဆိုင်နေရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ ပြောသည်။
(၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင် အောက်တိုဘာ ၁၂ ရက်က လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၏ အခြေအနေများဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှု အစီအစဉ်ကိုကျင်းပခဲ့ရာ ယင်းအစည်းအဝေးတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများသည် စစ်တပ်၏ ဖမ်းဝရမ်းထုတ်မှုများကြောင့် ပုန်းရှောင်နေကြရပြီး အချို့သည် နိုင်ငံမှထွက်ခွာခဲ့ကြရသည့် အခြအနေများ နှင့် ကြုံတွေ့နေကြရကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။ ယင်းအပြင် ၎င်းတို့နှင့် ၎င်းတို့၏မိသားစုဝင်များသည် စစ်ကောင်စီ၏ မှားယွင်းစွာစွပ်စွဲမှု၊ တရားမျှတမှုမရှိသော တရားခွင်နှင့် လွဲမှားသော စီရင်ချက်များကိုလည်း ရင်ဆိုင်နေရကြောင်း ဆက်ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် အမျိုးသမီးလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများသည် အထက်ပါအန္တရာယ်များကို ကြုံတွေ့နေကြရသော်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် ရှေ့တန်းမှ ဆက်လက်ပါဝင်ဆင်နွှဲလျက်ရှိကြပြီး စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ကာ ထုတ်ဖော်ပြောဆိုလျက်ရှိကြကြောင်း သံအမတ်ကြီးက ပြောသည်။
မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ကာကွယ်ေစာင့်ရှောက်သူများ၏ အခန်းကဏ္ဍကို တိုးမြှင့်၍ ကာကွယ်မှုပေးနိုင်သော တစ်ခုတည်းသော နည်းလမ်းမှာ စစ်အာဏာရှင်စနစ်အား အဆုံးသတ်ပြီး ဒီမိုကရေစီအား ပြန်လည်ရရှိကာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီး ထူထောင်ရေးသာ ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း အားကောင်း၍ ထိရောက်သော ကူညီ ပံ့ပိုးမှုများ မြန်မာပြည်သူများကို ပေးကြရန် သံအမတ်ကြီးက တောင်းဆိုသည်။