အခြေခံလူနေမှုစနစ်နှင့် ပညာသင်ကြားခွင့်များကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီး တိုက်ခိုက်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)၏ အတွင်းရေးမှူး (၂) ဦးဗညားက လူထုနွေဦးသို့ ပြောသည်။
ကရင်နီ(ကယား)ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများနှင့် စာသင်ကျောင်းများကို စစ်ကောင်စီက မကြာခဏ လက်နက်ကြီးအပြင် လေကြောင်းမှလည်း တိုက်ခိုက်နေသည်ဟု ဆိုသည်။
“မနေ့က ညပိုင်းရော၊ တနေ့က ညပိုင်းတွေမှာ ဒီးမော့ဆိုအနောက်ဘက်ခြမ်းနဲ့ ဖရူဆိုအရှေ့ခြမ်းတွေက စစ်ရှောင်နေရာနဲ့ ရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ တိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ်။နိုင်ငံတကာ စံသတ်မှန်ချက်ပဲပြောပြော စစ်ဥပဒေကြောင်းအရပဲ ကြည့်ကြည့် ပစ်ခတ်လို့မရဘူး။ လူထုရှိတဲ့အရပ်အပါအဝင် စစ်ဘေးရှောင်တွေရှိနေတဲ့ နေရာကိုလည်း ပစ်ခတ်လို့မရဘူး။ဒီလိုပဲ ဘာသာရေး အဆောက်အဦးတွေ ကျောင်းတွေ ဆေးပေးခန်းတွေကိုလည်း တိုက် ခိုက်လို့မရဘူး။ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုလို့ ပြောလို့ရတယ်”ဟု ဦးဗညားက ရှင်းပြသည်။
၎င်းက ဆက်လက်ပြီး “အနည်းဆုံး ဒေသခံလူထုရဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ဖြစ်စေတယ်။နေရာတစ်ခုတည်းမှာ ရပ်တည်လို့မရအောင် ရည်ရွယ်ချက်ရှိရှိလုပ်နေတာပေါ့။တစ်နေရာ နဲ့ တစ်နေရာ မကြာခဏ ပြောင်းနေရတော့ ကြပ်တည်းလာတယ်။ပညာရေး၊ကျန်း မာရေး ကအစ အခြေ ခံလူနေမှုစနစ်တွေပျက်သွားတယ်”ဟု ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ တိုက်ခိုက်နေမှုပုံစံအရ လူထုအပေါ်ခြိမ်းခြောက်မှု နှစ်ခုကို ပုံမှန်ပြုလုပ်ထားပြီး ကနဦးအနေဖြင့် အကြောက်တရားဖြင့်အုပ်ချုပ်နိုင်ရန်ကြိုးပမ်းကာ ကလေးငယ်များနှင့် လူထုအား ပညာသင်ခွင့်မရရန် လုပ်ဆောင်နေကြောင်း အသိပေးသည်။
ထို့အတူ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က စာရင်းအရ အာဏာသိမ်းစစ်ကောင်စီက ကရင်နီ၌ ပညာရေးဝန်ထမ်း ၂,၆၂၃ ဦးကို ထုတ်ပယ်ခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း ကရင်နီပြည်နယ်၌ စစ်ဘေးရှောင်များအပါအဝင် ဒေသခံ ၄၁၄ ဦးကိုလည်း စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်။
အောက်တိုဘာလဆန်းပိုင်းအထိ ကရင်နီပြည်ရှိ လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဖားဆောင်း၊ရှားတော၊ မယ်စဲ့၊ဘောလခဲနှင့် ဖယ်ခုံတို့မှ ဒေသခံ ၂၃၂,၆၁၅ ဦးမှာ စစ်ဘေးရှောင်နေရသည်။