ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ရွှေကျင်(ဆောထိ)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သား ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၁၆ရက်ညပိုင်းက ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ် ခမရ(၂၆၄) တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ရေကြည်ချောင်းဒေသရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။
ထိုသို့ ပစ်ခတ်ခြင်းကြောင့် ဂွေးကုန်းကျေးရွာအုပ်စု ချုံအင်းကျေးရွားအတွင်းရှိ ပြည်သူလူထုနေအိမ်အချို့ပေါ်သို့ ကျရောက်ပေါက်ကွဲကာ အမျိုးသား ၁ဦး၊ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
ထို့ပြင် ဒေသခံများ မွေးမြူထားသည့် နွား (၃)ကောင် ထိခိုက်ကာ (၂)ကောင်သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် စစ်ရေးတိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် KNU နယ်မြေများအတွင်းရှိ ကျေးရွာများသို့ ပစ်မှတ်ထားသည့် လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။ ထိုသို့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေးခဲ့သည်။