မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုး ဘုရား ရင်ပြင်ပေါ်မှာ အောက်တိုဘာလ ၁၃ ရက်နေ့က စစ်ကောင်စီ ထိပ်တန်း ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ ထိုင်းနိုင်ငံက ဧည့်သည် အဖွဲ့ ခွေးမစင်တွေ နင်းမိပြီးနောက် ခွေးတွေကို အစာအဆိပ်ကျွေး သတ်ဖြတ်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ကျိုက်ထီးရိုး စည်ပင် ဝန်ထမ်းတွေက အစာထဲ အဆိပ်ထည့်ကာ ခွေးတွေကို ကျွေးပြီး သတ်ဖြတ်နေရာ ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့အထိ ၃ ကြိမ်မြောက် အဆိပ်ကျွေး သတ်ဖြတ်ခဲ့လို့ ခွေးအကောင် ၂၀၀ ကျော် သေဆုံးသွားပြီလို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
“တစ်ခါကျွေးရင် ခွေးကောင်ရေ ၇၀ ကျော်လောက် သေတယ်။ ဒီနေ့ဆို ၃ ခါမြောက် အစာလာကျွေးတာ။ သူတို့ အဖွဲ့တွေကတော့ ညထဲက တောင်ပေါ် ရောက်နေပြီး ရင်ပြင်တော်ပိတ်မှ အစာ လိုက်ချတာပေါ့။ တစ်ချို့ ဆိုင်ရှင်တွေကလည်း သနားတော့ ကိုယ့်ဆိုင်ထဲမှာ ခေါ်ပေးထားတဲ့ ခွေးတွေလောက်ပဲ လွတ်တယ်။ ဒါတောင် တစ်ချို့ ခွေးလေးတွေ အစာကျန်တွေ စားမိလို့ သေတာတွေ ရှိတယ်” လို့ သူကပြောပါတယ်။
အခုလို သတ်ဖြတ်ရတာဟာ ဘုရားဖူးတွေ ခွေးမစင် နင်းမိပြီး အနှောက်အယှက် ဖြစ်တယ်လို့ ဆိုကာ မစင် နင်းမိခဲ့တဲ့ စစ်ကောင်စီ ထိပ်တန်း ခေါင်းဆောင်က ကျိုက်ထီးရိုး စည်ပင်ဝန်ထမ်း တွေကို သတ်ဖြတ်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခွေးမစင် နင်းမိတဲ့ စစ်ကောင်စီ ထိပ်တန်း ခေါင်းဆောင်ဟာ ဘယ်သူ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ကျိုက်ထိုဒေသမှာ မိုးရွာသွန်းမှုများလို့ အောက်တိုဘာလ ၇ ရက်နေ့ကကျိုးထီးရိုး တောင်တက်လမ်း ပျက်စီးမှုတွေ ရှိခဲ့သလို ဘုရားဖူး ဧည့်သည် လာရောက် လည်ပတ်မှု နည်းပါးနေသေးတယ်လို့ သိရပါတယ်။