မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်က စစ်အုပ်စုခန့် ရာအိမ်မှူး သန်းမင်းဆိုသူ ဒီနေ့လည်ပိုင်း လက်ဖက်ရည်ဆိုင် ထိုင်နေချိန် သေနတ်နဲ့အပစ်ခံရတာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊၄၁လမ်းညစျေး (ဝေယံထွန်းစျေး)အနီးကလက်ဖက်ရည်ဆိုင်မှာ ထိုင်နေစဥ်သေနတ်နဲ့ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။
“အရေးပေါ်ကား ရောက်လာပြီး ခေါ်သွားပြီ။နေရာမှာတင် သေတာပါ “လို့မြို့ခံတဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဥ်အပြီး စစ်အုပ်စုနဲ့ပျူတွေ က မြို့တွင်းနေရာ အများစုမှာ ပိတ်ဆို့စစ်ဆေးတာ၊ ငွေညှစ်တာတွေလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။
“အမရပူရဘက်၊စစ်ကိုင်းထွက်တဲ့ဘက်တွေမှာ ချက်ချင်း ဆိုင်ကယ်တူးဘောက်တွေ ဖွင့်စစ်နေတယ် “လို့ ဒေသခံတဦးကပြောပါတယ်။
ယခုသတ်ဖြတ်ခံရတဲ့နေရာဟာ စစ်တပ်က မကြာခဏ အညှိုးတကြီးဝင်ရောက်စစ်ဆေးကာ ပြည်သူအများအပြားကိုဖမ်းဆီးနေတဲ့ရပ်ကွက်ဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ၂ရက်နေ့က သံလျှက်မှော်အနောက်ရပ်ကွက်အပါအဝင် ၄၁လမ်းညစျေးအထိ စစ်တပ်ကအထွက်ပိတ်ပြီး နေအိမ်တွေကိုဝင်ရောက်စီးနင်းတာတွေ နေ့တပိုင်းနီးပါးပြုလုပ်ခဲ့ပါသေးတယ်။