ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ညောင်ပင်ရပ်ကွက်တွင် နေထိုင်သော ငွေ ကြေး ချမ်းသာသူ ဦးဒရှီလှဒွယ် မိသားစုကို စစ်တပ်က ဖမ်းဆီးပြီး တန်ဖိုးရှိ ပစ္စည်းများကို လုယက်ကာ နေအိမ်ကို မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် ဦးဒရှီလှဒွယ်နှင့်ဇနီး၊ ကလေးငယ်တို့ကို စစ်တပ်က ဖမ်းဆီး သွားခဲ့ကြောင်း၊ ယင်းနောက် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဦးဒရှီလှဒွယ်မိသားစု နေထိုင်သော နေအိမ်ကို စစ်တပ်က လာရောက်ပြီး တန်ဖိုးရှိ ပစ္စည်းများကို လုယက်ကာ နှစ်ထပ်နေအိမ်ကို မိုင်းထောင်၍ ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။
“ဦးဒရှီလှဒွယ်က အရင်က ရွှေတူးတာ၊ သစ်လုပ်တာ။ ငွေကြေးလည်း ချမ်းသာတယ်။ ဗန်းမော်မှာတော့ သူဌေးထဲပါတယ်။ ဦးဒရှီလှဒွယ်နဲ့ မိသားစုဝင် အားလုံး ၃ယောက်ကို စစ်ခွေးတွေက လက်ကို ကြိုးနဲ့တုပ်ပြီး ရိုက်နှက်ဖမ်းသွားကြတယ်။ နောက်တစ်နေ့မှာ နေအိမ်ကို ပြန်လာပြီး မိုင်းအကြီးစားနဲ့ ဖောက်ခွဲဖျက်ဆီးတယ်။ အဖိုးတန်ပစ္စည်းတွေ အကုန်လုံး စစ်တပ်က မသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဦးဒရှီလှဒွယ်နှင့်ဇနီး၊ ကလေးငယ်တို့ကို စစ်တပ်က ဖမ်းဆီးမှုသည် KIA နှင့်ပတ်သက်မှုကြောင့် ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် အသေးစိတ် အတည်မပြုနိုင်သေးပေ။