KIA ဂိတ်နေရာသို့ လှမ်းပစ်သည့် စစ်ကောင်စီတပ်၏ လက်နက်ကြီး အရပ်သားနေအိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံထိခိုက်မှုရှိကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ တာမခံကျေးရွာစစ်တပ်မှ ဟောင်ပါးကျေးရွာဘက်သို့ ယမန်နေ့ညနေ ၅ နာရီဝန်းကျင်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း ဟောင်ပါးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဟောင်ပါးရွာအဝင်မှာ KIA တွေက ဂိတ်လိုမျိုးထိုင်ထားတော့ အဲ့ဟာကိုစစ်တပ်ကတွေက မထိုင်ပေးဖို့ဆိုပြီးပြောတာကို ဟိုဘက်ကလည်း လုံးဝ မဖယ်ဘူးပေါ့။ အဲ့တာကြောင့် တာမခံစစ်တပ်က ဒီဘက်ကို ညနေက လက်နက်ကြီးနှစ်လုံး ပစ်လိုက်တယ်”
တာမခံစစ်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးနှစ်လုံးအနက် တစ်လုံးမှာ တာမခံကျေးရွာနှင့် ဟောင်ပါးကျေးရွာကြားရှိ ခေါက်ခိုကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရသည့် အမျိုးသမီးငယ်ကို ယမန်နေ့ညက ညတွင်းချင်း ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပြီး ထိခိုက်သည့် အခြေအနေကို တိတိကျကျ အတည်မပြုနိုင်သေးပါ။
စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ဟောင်ပါးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး KIA တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။