ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် မုံးကိုးနှင့် မုံးပေါ်ဒေသအကြား ၊ဝိန်းလာတောင်ရှိ ခမရ ၅၆၇ တပ်စခန်းတစ်ခုလုံးကို KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းမှ စတင်ပြီး တစ်နေ့လုံး မူဆယ်မြို့နယ်၊ မုံးကုံးဒေသ ဝိန်းလာတောင်ရှိ ခမရ ၅၆၇ ၏ တပ်စခန်းကို KIA တပ်ဖွဲ့များက တိုက်ခိုက်ရာ ညနေ ၄ နာရီဝန်းကျင်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများ၊ ထွက်ပြေးမှုများရှိပြီး လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိမှုရှိကြောင်း၊ လတ်တလော အတိအကျ မသိရသေးကြောင်း ပြောဆိုသည်။
“စခန်းသိမ်းအောင်မြင်ကြပြီ။ အခုက ထူးစစ်ပုံစံနဲ့ တန်ပြန် တိုက်ခိုက်သိမ်းပိုက်မှုတွေ လုပ်နေတာပါ။ မုန်လိုင်ခက်ကို ဗုံးကျဲမှု နောက်ပိုင်း ဒီဘက်က စခန်းတွေကို တောက်လျှောက်တိုက်ခိုက်တာပါ။ ဒီနေ့ သိမ်းဆည်းမိတာက တိုက်ခိုက်ရေးအပြင် ထောက်ပို့စခန်းတစ်ခုအကြီးဆိုလည်း ဟုတ်တယ်။ တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ စစ်တပ်က လာပစ်နေတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် စခန်းကို သိမ်းပိုက်ထားပြီးဖြစ်သော်လည်း လေကြောင်းတိုက်ခိုက်မှုများရှိနေသဖြင့် နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်နေရဆဲဖြစ်ကြောင်း သိရှိရသည်။