ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF၊ တပ်ရင်း (၁၁) ဖွဲ့စည်းမှု ၂ နှစ်ပြည့်တဲ့ အချိန်မှာ တပ်ရင်းမှူး အပါအဝင် ရဲဘော် ရဲဘက် ၁၄ ဦး ကျဆုံးခဲ့ရတယ်လို့ KNDF တပ်ရင်း (၁၁) က အောက်တိုဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
KNDF တပ်ရင်း (၁၁) ဟာ ပင်လောင်း-ဖယ်ခုံ နယ်စပ်မှာ ကရင်နီပြည်ထဲ ဝင်ရောက်ဖို့ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေကို တွန်းလှန် တိုက်ခိုက်နေတဲ့ တပ်ရင်း ဖြစ်ပါတယ်။
တပ်ရင်း (၁၁) ဟာ ဖွဲ့စည်းချိန်မှစပြီး လက်ရှိအချိန်ထိ တိုက်ပွဲ မြောက်များစွာကို မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ပါတယ်။
“ရလဒ်ကောင်းများ ဖော်ဆောင်နိုင်ခဲ့သလို မိမိတို့ တပ်ရင်းဘက်မှ တပ်ရင်းမှူး အပါအဝင် ရဲဘော် ၁၄ ယောက် တိုင်းပြည်နဲ့ လူမျိုးများ အတွက် ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ပေါက်ရေး အတွက် သူတို့၏ အသက်ကို ပေးဆပ်ခဲ့ပြီး ဖြစ်သလို ထိခိုက်ဒဏ်ရာရ ရဲဘော်များလည်း ရှိခဲ့ပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂ နှစ်တာ ကာလအတွင်း အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ တပ်ရင်း ၂ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ထောက်ပို့ တပ်သား ၂,၀၀၀ ခေါ်ယူမယ်လို့ ဆိုပါတယ်။
အဲ့ဒီ ထောက်ပို့ တပ်သား ၂,၀၀၀ ဟာ တပ်ရင်း (၁၁) ကို တစ်လ ၃ သောင်း သို့မဟုတ် ၅ သောင်းကျပ် ထောက်ပို့ရမှာ ဖြစ်ပြီး ထောက်ပို့ တပ်သား သက်တမ်း တစ်နှစ်ပြည့်ရင် ဖယ်ခုံမြို့နယ် အတွင်းရှိ ပေ ၈၀ ပတ်လည် မြေကွက် ၄ ကွက် အပါအဝင် တစ်ခြား ပစ္စည်းတွေ ပြန်လည် မဲဖောက်ပေးမှာ ဖြစ်ပါတယ်။
တပ်ရင်းရဲ့ လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်တဲ့ ထောက်ပို့တပ်သား ခေါ်ယူတဲ့ အစီအစဉ်ကို KNDF တပ်ရင်း (၁၁) ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဆက်သွယ် ပါဝင်ပေးဖို့ KNDF တပ်ရင်း (၁၁) က တိုက်တွန်းထားပါတယ်။