မန္တလေးတိုင်း၊ မိတ္တီလာအခြေစိုက် တပ်မ ၉၉ လက်အောက်ခံ သာစည်မြို့ အမှတ် ၄၂၀ ခြေမြန်တပ်ရင်းမှ အရာရှိ ၆ ဦး အပါအဝင် စစ်သည် ၁၅ ဦး တပ်မှ စွန့်ခွာ ထွက်ပြေးသွားကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစတင်၍ လက်ရှိအချိန်အထိ ခမရ ၄၂၀ တပ်တွင် တပ်သို့ ပြန်မလာတော့သည့် CDM လုပ်သူများ၊ ခွင့်မဲ့ ပျက်ကွက်သူများ အပါအဝင် အရာရှိနှင့် စစ်သည် ၁၅ ဦးရှိနေခြင်းဖြစ်ကြောင်း၊ ခမရ ၄၂၀ ၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီးဇေယျာထွန်းက အရာရှိ ၆ ဦး အပါအဝင် ခွင့်မဲ့ ပျက်ကွက်ပြီး တပ်ကို ပြန်မလာတော့သည့် အရာရှိနှင့် စစ်သည် ၁၅ ဦ၏ လစာများကို ဆက်လက် ထုတ်ယူနေဆဲဖြစ်ကြောင်း ၊ ခွင့်မဲ့ပျက် ကွက်ဖြစ်ပေါ်နေသော စစ်သည်များကို တရားဝင်ခွင့်မဲ့ပျက်ကွက်မတင်ဘဲ ၎င်းစစ်သည်တို့ရရှိသော အခြားသော စရိတ်များဖြစ်သည့် ရိက္ခာစိုငွေ၊ စစ်ဆင် ရေးအ ထူးနေ့ထွက်စရိတ်နှင့်ဦးပိုင်အမြတ်ငွေများကို ဆက်လက် ထုတ်ယူနေဆဲဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ရှေ့တန်းသို့ စေလွှတ်သည့် စစ်ကြောင်းများတွင် ခွင့်မဲ့ ပျက်ကွက် စစ်သည်များအနက်မှ တချို့ကို တိုက်ပွဲကျဆုံးပြ၍ ထိုစစ်သည်များ၏ အကျိုး ခံစားခွင့်များကိုလည်း ထုတ်ယူသုံးစွဲနေကြောင်း ၊ ထို့ပြင်တပ်တွင်းတွင် အထက် အောက် ဆက်ဆံရေး အဆင်အပြေမှုများရှိနေပြီး အရာရှိနှင့်စစ်သည်များဆဲဆို ကြိမ်းမောင်းခြင်း၊ တပ်ရင်းမှူးကတော်က အရာရှိနှင့်စစ်သည်များ၏ ဇနီးများအပေါ် နှိမ့်ချ ဆက်ဆံမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
“တပ်ရင်းမှူးက သူနဲ့ အဆင်မပြေတဲ့ အရာရှိတွေကို အပြစ်အမျိုးမျိုးရှာတယ်။ အခြား စစ်သည်တွေရဲ့အရှေ့မှာတင် သူမကြိုက်တဲ့ အရာရှိကို မိမိပါးကိုမိမိပြန်လည်ရိုက်စေတယ်။ သူကိုယ်တိုင် ပါးရိုက်ဆဲဆိုတာတွေလည်းလုပ်တယ်။ အရာရှိတွေလို မဆက်ဆံခံရဘဲ တကယ့်ကို မလျော်ညီစွာ နည်းမျိုးစုံဖြင့် ပြုလုပ်ခံရတာတွေရှိနေတာပါ။ တပ်ထဲမှာ တပ်ရင်းမှူးရော တပ်ရင်းမှူးကတော်ကပါ အရာရှိစစ်သည် တွေနဲ့ ဇနီးတွေအပေါ် နှိမ့်ချ ဆက်ဆံဆဲဆိုမှုတွေ ဖြစ်နေတာ။ အာဏာသိမ်းပြီးမှ အဲဒီလိုတွေ ဖြစ်နေတာ။ တပ်က တကယ့်ကို တပ်ပျက်နေတာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။
ခမရ ၄၂၀ တပ်ရင်းမှူး၏ ရိုင်းစိုင်းသည့် ဆက်ဆံရေးကို မကျေနပ်သည့် အတွက် အကြမ်းဖက် မင်းအောင်လှိုင် အပါအဝင် အထက်ဌာနအဆင့်ဆင့်သို့တိုင်ကြားမှုများရှိသော်လည်း တပ်တွင်းစည်းလုံးရေး မပြိုကွဲရေး ဆိုသော ခေါင်းစဉ်ဖြင့် တပ်မတွင်သာ တိုင်ကြားစာပြီးဆုံးသွားကြောင်း၊ အခြားသော တပ်ရင်းတပ်ဖွဲ့များတွင်လည်း အထက်အောက် ဖိနှိပ်မှုများ အပါအဝင် တပ်တွင်း မညီမျှမှု အခြေအနေများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။