ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတာကို အခွင့်ကောင်းယူပြီး မသမာသူတွေက ဖယ်ခုံမြို့တွင်းရှိ နေအိမ်တွေကို မကြာခဏ ဓားပြတိုက်၊ လုယက်၊ ခိုးယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က ဖယ်ခုံမြို့၊ မြို့ကုန်းနဲ့ ညောင်ပင်သာရပ်ကွက်မှာရှိတဲ့ နေအိမ် တချို့ကို မျက်နှာ ဖုံးထားတဲ့ လူတစ်စုက ဓားပြတိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခု ဒီဘက်က မကြာခဏ တိုက်ပွဲဖြစ်နေတော့ ခေတ်မကောင်းတာကို အခွင့်အရေးယူပြီး လုပ်တာပေါ့ဗျာ။ ဓားပြတိုက်တဲ့လူက အိမ်ပေါ်ကို ၂ ယောက်ပဲ တက်လာတယ်။ မျက်နှာတွေကိုလည်း ဖုံးထားတယ်။ အိမ်ရှင်နာမည် ခေါ်ပြီးတော့ကို ဓားပြ လာတိုက်သွားတယ်လို့ ပြောတယ်ဗျာ။ ငွေတွေ ပါသွားတယ်လို့ သိရပေမယ့် ဘယ်လောက် ပါသွားလဲတော့ မသိရဘူး” လို့ ဖယ်ခုံမြို့ခံ တစ်ဦးက ပြောပါတယ်။
နေအိမ်ပေါ် တက်ရောက် ဓားပြတိုက်တဲ့သူတွေမှာ လက်နက်တွေ ပါလာပြီး မျက်စိသာ ဖော်ထားတာကြောင့် ဘယ်သူ ဘယ်ဝါတွေ ဆိုတာကိုတော့ အိမ်ရှင်တွေက မသိရဘူးလို့ ဆိုပါတယ်။ မြို့ပေါ်မှာ ဓားပြတိုက်မှုတွေ သာမက လုယက် ခိုးယူမှုတွေ မကြာခဏ ဖြစ်နေပေမယ့် အရေးယူမှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“သက်ဆိုင်ရာတွေကလည်း ဘာအရေးယူမှုမှ မလုပ်ပေးဘူးဗျ။ တစ်ချို့အိမ်တွေဆို ဖုန်းတွေ၊ ပိုက်ဆံတွေ အခိုးခံရတာလည်းရှိတယ်။ အခု ဓားပြတိုက်တာလည်း တစ်ယောက် နှစ်ယောက်လောက်နဲ့ တိုက်ကြတာ ဆိုတော့ အကြောင်းသိတွေ၊ ဒီဒေသမှာ လက်ရှိနေနေတဲ့သူတွေပဲ ဖြစ်ဖို့များတယ်” လို့ နောက်ထပ် မြို့ခံ တစ်ဦးက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်ကလည်း စစ်ကောင်စီ လက်အောက်ခံ ဖယ်ခုံမြို့မရဲစခန်းက ရဲတပ်ကြပ် မျိုးမင်းအောင် ဆိုသူ ဖယ်ခုံမြို့ပေါ်ရှိ ဆောက်လုပ်ရေး ပစ္စည်းဆိုင်ကို ဓားပြတိုက်ရာ မျက်နှာ မအုပ်ထားတာကြောင့် ဆိုင်ရှင်က မှတ်မိလို့ ရဲစခန်းမှာပဲ ဖမ်းမိခဲ့ပါတယ်။
ဒါ့အပြင် စက်တင်ဘာလမှာပဲ ဖယ်ခုံ-လွိုင်ကော် လမ်းမဘေး၊ ကွမ်းလုံကျေးရွာရှိ စက်သုံးဆီဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပေမယ့် တရားခံ ဖမ်းဆီးရမိတာ မရှိခဲ့ပါဘူး။
စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အတွင်း ခိုးဆိုး လုယက်မှုတွေ ဆိုးရွားလာနေပေမယ့် စစ်ကောင်စီတပ်နဲ့ ရဲတွေက အားစိုက် ဖမ်းဆီးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။