ရှမ်းပြည်တောင်ပိုင်းက ညောင်ရွှေမြို့နယ်ရှိ တောင်၄လုံးထောင်အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားက အကျဥ်းထောင်တွေမှာ ဧည့်တွေ့ခွင့်ကို အခု အောက်တိုဘာလမှ စတင်ပြီး ပြန်လည် ခွင့်ပြုတော့မယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများကွန်ရက် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အောက်တိုဘာလ အတွင်းမှာ စတင်ပြီး ထောင်ဝင်စာ ဧည့်တွေ့ခွင့်ရမှာဖြစ်ပြီး တောင်၄လုံးထောင်၊ သာယာဝတီ အကျဥ်းထောင်၊ သရက် အကျဥ်းထောင်၊ အိုးဘို အကျဥ်းထောင်၊ မကွေး အကျဥ်းထောင်၊ မြင်းခြံ အကျဥ်းထောင်တို့ ပါဝင်တယ်လို့ သိရပါတယ်။
“လက်ရှိမှာတော့ အကျဥ်းထောင် ၅ ခုက အကျဥ်းသားတွေရဲ့ မိသားစုဝင်တွေကို ထောင်အာဏာပိုင်တွေက ဆက်သွယ်လာတယ်။ ဧည့်တွေ့ခွင့်ကို ၂၄ ရက်နေ့မှာ ပေးမယ်လို့ ဆက်သွယ်တယ်။ အင်းစိန်ကတော့ နောက်လမှလို့ ကြားတယ်။ ဖြစ်နိုင်တာကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဥ်းထောင်တွေကို ဧည့်တွေ့ခွင့် ပေးမယ်လို့ သိထားရတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများကွန်ရက် တာဝန်ရှိသူက ပြောပါတယ်။
ညောင်ရွှေတောင်၄လုံးထောင်မှာလည်း အကျဉ်းကျသူတွေကို မိသားစုနဲ့တွေ့ခွင့်၊ အစားအသောက်ပို့ခွင့်တွေ ပြန်လည်ခွင့်ပြုတော့မယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးထံက သိရပါတယ်။
Covid-19 ကနေ အခုအထိ နိုင်ငံတစ်၀ှမ်း အကျဥ်းထောင်တချို့မှာ ထောင်ဝင်စာ ဧည့်တွေ့ခွင့် ပိတ်ထားရာက စစ်တပ် အာဏာသိမ်းပြီး လက်ရှိ အချိန်အထိ ဧည့်တွေ့ခွင့်မရတာ ၃ နှစ်ကျော်ကြာပြီးနောက် အခု ပြန်လည် ခွင့်ပြုတာ ဖြစ်ပါတယ်။
ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို မိသားစုဝင် တစ်ဦးသာ ရရှိမှာဖြစ်ပြီး လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထား အစုံအလင်နဲ့ တင်ပြရမှာ ဧည့်တွေ့ခွင့် ပြုမှာဖြစ်တယ်လို့ သိရပါတယ်။