ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှာရှိတဲ့ အောင်တံခွန်ငါးစျေးမှာ ဒီနေ့နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခံရပြီး အနီးအနားက ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
ဗုံးသီးချတိုက်ခိုက်ခံရတဲ့နေရာဟာ စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၂ နှစ်မှာစပြီး စစ်ကောင်စီခန့်ဝန်ကြီးချုပ်နဲ့ မြို့ခံလုပ်ငန်းရှင်တွေပူးပေါင်းအကောင်အထည်ဖော်ထားတယ်လို့ ဝေဖန်ခံရတဲ့ ငါးစျေးဖြစ်ပါတယ်။
“ဗုံးသီးက အဆောက်အအုံ နဘေးမှာကျတာလို့ကြားတယ်။ ဒရုန်းနဲ့ဆိုတော့ အသံကသိပ်အကျယ်ကြီးမကြားဘူး”လို့ အနီးအနားရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ဗုံးသီးကျရောက်ပေါက်ကွဲတာကြောင့် ငါးစျေးအနီးမှာရှိတဲ့ ကလေးငယ်နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒဏ်ရာအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
သိပ်မကြာခင် အရေးပေါ်လူနာတင်ကား နှစ်စီးရောက်လာပြီး ဒဏ်ရာရတဲ့ကလေးငယ်နှစ်ဦးကို တင်ဆောင်သွားတယ်လို့ အနီးအနားရပ်ကွက်မှာနေထိုင်သူကဆိုပါတယ်။
စစ်ကောင်စီတပ်သားနဲ့ရဲတွေလည်း ပေါက်ကွဲမှုဖြစ်တဲ့နေရာကို ကားတစ်စီးနဲ့ရောက်လာပြီး စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ဗုံးသီးချတာကို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်း မသိရသေးပါဘူး။
ဗုံးသီးချခံရတဲ့ ငါးစျေးဟာ ထားဝယ်မြို့အစွန်မှာရှိပြီး စျေးဆောက်လုပ်ပြီးချိန် ကမ်းနားစျေးကစျေးသည်တွေကို ဆိုင်ခန်းအတင်းအကြပ်ဝယ်ယူခိုင်းတာနဲ့ ပြောင်းရွှေ့ရောင်းချခိုင်းတာတွေပြုလုပ်ခဲ့တဲ့နေရာဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။ ဒါပေမယ့် လက်ရှိမှာ အဲဒီစျေးမှာ ရောင်းဝယ်သူမရှိဘူးလို့ သိရပါတယ်။
အောင်တံခွန်ငါးစျေး-ထားဝယ် ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ သူတို့အနေနဲ့ အတင်းအကျပ် ဆိုင်ခန်းဝယ်ယူခိုင်းတာမျိုး မလုပ်ဘူးလို့ ထုတ်ပြန်ငြင်းဆိုထားပါတယ်။