ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လယ်ဧက ခုနစ်ထောင်ကျော် ရေနစ်မြုပ်ခဲ့ကြောင်း KNU ဗဟိုက အသိပေးထုတ်ပြန်သည်။
ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာပေါင်း ၁၈ရွာမှ လယ်ဧက ၇၁၀၀ကျော် ရေနစ်မြုပ်ခဲ့၍ ပြည်သူ ၅,၀၀၀ခန့် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျှက်ရှိသည်ဟု အသိပေးထားသည်။
အဆိုပါဒေသ၌ ဩဂုတ်မှစ၍ ယနေ့အချိန်အထိ ရေကြီးရေလျှံ မှုများကြောင့် မြေပြန့်ဒေသများရှိ ကျေးရွာတိုင်းလိုလိုနှင့် လယ်ကွင်းအများစု ရေနှစ်မြှုပ်ခဲ့ကြရသည်ဟု ဆိုသည်။
ထို့ကြောင့် ပြည်သူလူထုများစိုက်ပျိုးထားသည့် မြောက်များစွာသော စပါးခင်းများ ပျက်စီးဆုံးရှုံးရကြောင်း ဖော်ပြထားသည်။ ရေနစ်မြုပ်ခဲ့သည့် လယ်ဧက ခုနစ်ထောင်ကျော်အနက် ဧက ၃,၀၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်သည်။
ကျေးရွာအဆင့် မြေယာကော်မတီများမှပေးပို့လာသော စာရင်းများအရ ရေကြီးရေလျှံမှုကြောင့် ရေနှစ်မြှုပ်ခဲ့ကြသော ကျေးရွာများနှင့် လယ်ကွင်းများအနက် ပျက်စီးဆုံးရှုံးမှုများသော ကျေးရွာစုစုပေါင်း (၁၈)ရွာမှ အိမ်ထောင်စုပေါင်း ၈၅၀ ခန့်မှ လူဦးရေ ၅,၀၀၀ခန့် အကူအညီများ လိုအပ်နေသည်ဟု ဆိုသည်။
ရေကြီးရေလျှံ မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများသော ကျေးရွာများမှာ သူးကဘီး၊ မမရမ်း အထက်၊ ပဲသောင်၊ လိန်ပင်ဝဲ၊ ဒလဆိပ်၊ သစ်ဖရောင်းတန်း၊ ကျွန်းကြီး၊ လှေတန်း၊ ထိုးဝါးစိုက်၊ ကျီးပင်စု၊ ဝက်လာတော၊ နတ်သံကွင်း၊ ဟီဖိုးဒဲ၊ ပါတလာ၊ စဖျင်ကြီး၊ မမရမ်းအောက်၊ ထိုက်ထူ၊ တောခို စသည့် ကျေးရွာများ ဖြစ်သည်ဟု အသိပေးထုတ်ပြန်သည်။
ထို့အပြင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများနှင့်ရင်ဆိုင်ရပြီး စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရန်နှင့် ကျန်းမာရေးကုသမှုခံယူရန် အခက်အခဲများနှင့်လည့် ရင်ဆိုင်ကြုံတွေ့ နေကြရကြောင်း ဖော်ပြထားသည်။
အဆိုပါဒေသသည် KNUနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ဒေသဖြစ်ပြီး ပြည်သူအများအပြား စစ်ဘေးဒုက္ခရင်ဆိုင်နေရချိန် ယခုထပ်မံ၍ ရေဘေးကို ကြုံတွေ့နေရခြင်းဖြစ်သည်။