တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်း၌ မုန်လိုင်ခက် အကြမ်းဖက်တိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။
စစ်သံရုံးရှေ့တွင် ကျင်းပသည့် ယနေ့ ဆန္ဒပြပွဲကို “စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)”က စီစဉ်ပြီး ကချင်၊ ချင်း တိုင်းရင်းသားအဖွဲ့များနှင့် ကိုရီးယား မြန်မာ တော်လှန်ရေးအင်အားစုများ ပူးပေါင်း ပါဝင်ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် အဖွဲ့အစည်း အသီးသီးမှ တာဝန်ခံများက စစ်ကောင်စီ၏ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း၊ ကချင်တိုင်းရင်းသားများနှင့်အတူ ရပ်တည်ကြောင်း၊ အကြမ်းဖက်စစ်တပ် အမြစ်ပြတ်သည်အထိ ဆက်လက် တိုက်ပွဲဝင်ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
ဆန္ဒပြပွဲသို့ CDM ဗိုလ်ကြီးလင်းထက်အောင် ပါဝင်တက်ရောက်ပြီး အကြမ်းဖက် စစ်တပ် ရှိနေသမျှ ယခုကဲ့သို့ အကြမ်းဖက်မှုမျိုး မြင်နေရဦးမည် ဖြစ်ကြောင်း၊ စစ်တပ် လုံးဝ ပြိုကျသွားမှသာ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။