စက်သုံးဆီဥက္ကဋ္ဌ ဦးမြင့်စိုးအပါအဝင် လုပ်ငန်းရှင် ၁၀ ယောက်ခန့်ကို စစ်ကောင်စီက နေပြည်တော်မှာ စွဲချက်တင် ခေါ်ယူစစ်ဆေးနေတယ်လို့ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
စက်သုံးဆီလုပ်ငန်းရှင်ကြီးတွေကို နိုင်ငံခြားသုံးငွေ အရှုပ်အရှင်းတွေနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးစစ်ဆေးခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်နေ့က စွဲချက်တင် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အဂတိမှုနောက်ဆက်တွဲအနေနဲ့ ဆီကုမ္ပဏီတချို့က တာဝန်ရှိသူတွေကို လာမယ့်အောက်တိုဘာ ၂၇ ရက်မှာ ရုံးချိန်း ချိန်းဆိုထားပေမယ့် အခုလို လုပ်ငန်းရှင် ၁၀ ဦးကိုစစ်ဆေးကြားနာခဲ့တယ်လို့ အမည်မဖော်လိုတဲ့သတင်း အရင်းအမြစ်ကပြောပါတယ်။
“နာမည်ကြီးလုပ်ငန်းရှင် ၂ ယောက်ပါတယ်၊ ဥက္ကဌအပါအဝင် ၁၀ယောက်ပါတယ်၊ အခုက ထောင်ဒဏ်လား၊ ငွေဒဏ်လားတော့မသိရဘူး၊ ပြန်လွတ်ချင်လွတ်၊ ပြန်ဖမ်းချင်ဖမ်းလုပ်နေတာ၊ နောက်ဆက်တွဲအမူတွေ လိုက်နေတာအများကြီး၊ သူတို့ဝန်ထမ်းတွေထဲ့ရော၊စီးပွားရေးလုပ်ငန်းရှင်တွေရောပါနေတာ၊ အခုက မိုးမြင့်ထွန်းနဲ့ပတ်သက်တာအကုန် ဆတ်ဆတ်အထိမခံနိုင်ဖြစ်နေတာ” လို့ အမည်မဖော်လိုသူ သတင်းအရင်းအမြစ်ကပြောပါတယ်။
ဈေးကွက်ထဲမှာ ရည်ညွှန်းဈေးထက် ဈေးအဆမတန် တင်ရောင်းတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး စားသုံးဆီ လုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးရာကနေ နိုင်ငံခြားသုံးငွေ စိစစ်ခွင့်ပြုတာနဲ့ ပို့ကုန်သွင်းကုန်ကိစ္စမှာ တာဝန်ရှိတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းရဲ့ လာဘ်စားမှုတွေ ပေါ်လာပြီး မိုးမြင့်ထွန်းကို ထောင်ဒဏ် အနှစ်နှစ်ဆယ် ချမှတ်ထားပါတယ်။
ဖမ်းဆီးခံနေရသူတွေထဲမှာ စက်သုံးဆီလုပ်ငန်းရှင်တွေနဲ့နိုင်ငံခြားကငွေအရောင်းအဝယ် လုပ်ကိုင်နေသူတွေ အများအပြားပါဝင်နေတာကြောင့် ပြည်ပမှ စက်သုံးဆီတင်သွင်း ထားမှုတွေအတွက် ငွေပေးချေမှုများ နောက်ကျမှာ စိုးရိမ်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်များက ပြောပါတယ်။
“အခုက ဆီမှာထားတာတွေငွေချေရမယ့် အချိန်ရောက်နေပြီ၊ တကယ်လို့ ငွေချေနောက်ကြရင်လည်း ဘလက်လစ်ထဲ အသွင်းခံရမယ်၊ အဖမ်းအဆီးခံရမယ်၊ အခုလုပ်ငန်းရှင်အကြီးတွေက အထိန်းသိမ်းခံထားရသူနဲ့ ၊ ပြေးနေတာနဲ့ ဆီလောကကကသောကနင်းဖြစ်ပြီ၊ မသွင်းနိုင်ရင်ဈေးကွက်လိုအပ်ချက်ဖြစ်လာမယ် ပြည်သူထိမယ်” လို့ ရန်ကုန်မြို့ရှိ ဆီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
အထိန်းသိမ်းခံလုပ်ငန်းရှင်တွေကို စစ်ခုံရုံးဖွဲ့ စစ်ဆေးပြီး ကုန်သွယ်ရေးပုဒ်မများမဟုတ်ဘဲ၊ နိုင်ငံတော်နဲ့ ချီတဲ့ ပုဒ်မများတပ်ထားပြီး ထောင်ဒဏ်ချမှတ်ပါက တစ်သက်တစ်ကျွန်းထိဖြစ်နိုင်တယ်လို့ လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုပါတယ်။
ဖမ်းဆီးစစ်ဆေးခံနေရသူတွေထဲမှာ Denko၊ BOC၊ Yangon Petrol၊ Moon Sun Energy နဲ့ ရွှေဗျိုင်းဖြူ အစရှိသော ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်များအပါအဝင် အခြားစီးပွားရေးလုပ်ငန်းရှင်အချို့ စစ်ဆေးခံနေရတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။
စားအုန်းဆီ၊ ဆန်၊ ပဲ၊ ပြောင်းကုန်သည်တွေ အပါအဝင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)မှ လုပ်ငန်းရှင်များကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလတုန်းက စစ်ကောင်စီက နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခဲ့ပါသေးတယ်။