ဗုံးသီးချတိုက်ခိုက်ခံရသဖြင့် ဆေးကုသမှုခံယူနေရသည့် စစ်ကောင်စီတပ်ဖွဲ့ကို Black Wolf Army PDF တပ်ဖွဲ့က ဗုံးသီးနှစ်လုံးချပြီး ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ လုံးတော်ကျေးရွာတွင် အင်အား ၈၀ ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းကို Black Wolf Army PDF တပ်ဖွဲ့က အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ပိုင်း၌ ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း Black Wolf Army ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ပထမတစ်ကြိမ်က သူတို့လာတဲ့အချိန် (စစ်ကြောင်းထိုးချိန်) မှာ တိုက်ခိုက်ခဲ့တယ်။ ဒုတိယတစ်ကြိမ်က ဆေးကုနေတဲ့အချိန်မှာ တိုက်ခိုက်ခဲ့တယ် ပေါ့နော်”
ထိုနေ့မွန်းလွဲပိုင်းအချိန် ရွာသစ်ကျေးရွာတွင် ဒဏ်ရာရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆေးကုသနေစဉ် ဗုံးသီးနှစ်လုံးချပြီး ထပ်မံတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးသည်ဟု ဆိုသည်။
နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည့် အဝတ်အထည်များနှင့် လူနာတင်ဆောင်ရန် အသုံးပြုခဲ့သည့် စောင်ပုခက်များကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ရွှေဘိုမြို့၊ ယင်းမာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းအသုံးပြု ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။