မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် အမှတ် (၂) တပ်ရင်း၊ MHLG PDF နဲ့ ပြည်သူ့တော်လှန်ရေး အင်အားစု-PRF တို့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို အမြစ်ပြတ် တော်လှန်ဖို့အတွက် “မဲလမ်းကိုခင်း မြို့သို့ချဉ်း” ရန်ပုံငွေ ကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
အဆိုပါ ကမ်ပိန်းမှာ တော်လှန်ရေး အမှတ်တရ ပစ္စည်းတွေ မဲဖောက်ပေးမှာဖြစ်ပြီး မဲလက်မှတ် အစောင်ရေ ၂,၀၀၀၀ ရောင်းချမှာဖြစ်လို့ ကမ်ပိန်းရဲ့ ရည်မှန်းချက်က ကျပ်သိန်း ၂,၀၀၀ ရရှိဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ကမ်ပိန်းကာလကို အောက်တိုဘာလ ၂၀ ရက်နေ့ကနေ နိုဝင်ဘာ ၁၇ ရက်နေ့အထိ သတ်မှတ်ထားပြီး မဲလက်မှတ်ကို နိုင်ငံတကာ ငွေကြေးတွေနဲ့ ဈေးနှုန်းအလိုက် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ မတရား ဖိနှိပ်အုပ်ချုပ်ကို ခံနေရပေမယ့် တော်လှန်ချင်စိတ် အပြည့်အဝရှိတဲ့ မြန်မာနိုင်ငံ ပြည်တွင်းနေ ပြည်သူတွေ အတွက် အထူးဈေးနှုန်း မြန်မာငွေ ၁၀,၀၀၀ ကျပ်သာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ကမ်ပိန်း ဆုလက်ဆောင်တွေကတော့ ဒါရိုက်တာ ကိုပေါက်ရဲ့ ပန်းချီကား၊ ကိုကျော်သက်လင်း (မြန်မာ့အသံ) တီရှပ်အင်္ကျီ၊ ဆရာမနုယဉ် အမေစုပုံပါ ချည်အိတ်၊ We Care About You ပန်းချီကား၊ ကိုဂျပန်ကြီး (Idiots Band) ရဲ့ Dram stick၊ ဖုန်းဆက်သွန် တီရှပ်၊ အမည်မဖော်လိုသူ အမျိုးသမီး စာရေးဆရာမ တစ်ဦးရဲ့ စာအုပ်၊ တော်လှန်ပြည်သူ တစ်ဦးရဲ့ ရတနာ ပစ္စည်းတွေ ဖြစ်ပါတယ်။
မဲလက်မှတ် ရောင်းပြီး ရရှိလာတဲ့ ရန်ပုံငွေကို မိတ္ထီလာခရိုင် အမှတ် (၂) တပ်ရင်းအတွက် ၈၀ ရာခိုင်နှုန်းနဲ့ People Revolution Forces Local PDF အတွက် ၂၀ ရာခိုင်နှုန်း အသုံးပြုမယ်လို့ သိရပါတယ်။
မိတ္ထီလာခရိုင် အမှတ် (၂) တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းဖြစ်ပြီး မလှိုင်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည် စတဲ့ မြို့နယ်တွင်းက တော်လှန် လူငယ်တွေ အပြင် စစ်ကိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်းပြည်နယ် အစရှိတဲ့ အနယ်နယ်အရပ်ရပ်က တော်လှန်လူငယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ တပ်ရင်း ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါတပ်ရင်းဟာ စစ်အာဏာရှင် တော်လှန်ရေး အတွက် မိတ္ထီလာခရိုင်တွင်းမှာ သာမက စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင်းက စစ်ရေး လှုပ်ရှားမှုတွေမှာပါ ရရာလက်နက်နဲ့ ပါဝင်လှုပ်ရှားနေပြီး လက်နက် ကိုယ်တိုင် ထုတ်နိုင်ဖို့ ကြိုးစားနေရာ အတိုင်းအတာ တစ်ခုထိ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
အခုပြုလုပ်တဲ့ ကမ်ပိန်းဟာ တပ်ရင်းအတွက် လက်နက်ခဲယမ်း လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ တော်လှန်ရေး ရဲဘော်တွေကို ထောက်ပံ့ပေးဖို့နဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုပြီးအားကောင်းလာစေဖို့ ရည်ရွယ်တာကြောင့် ပြည်တွင်း ပြည်ပ နိုင်ငံတကာက မိဘပြည်သူတွေ အနေနဲ့ တတ်နိုင်သမျှ ပါဝင်အားဖြည့် ပေးဖို့ မိတ္ထီလာခရိုင် အမှတ် (၂) တပ်ရင်းက တိုက်တွန်း နှိုးဆော်ထားပါတယ်။