ရှမ်းပြည်နယ်၊ ကိုးကန့်ဒေရှိ ဟောနမ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း MNDAA ၏ သတင်းပြန်ကြားရေး The Kokang က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် ကိုးကန့် အထူးဒေသ ၁ မူပန်ခရိုင်ရှိ ဟောနမ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဟောနမ်ရွာတွင် နေထိုင်သည့် အသက် ၅၅ အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး အသက် ၈၀ အရွယ်နှင့် ၄၈ အရွယ် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ ညပိုင်းတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့် (MNDAA) က ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ခေါ်ဆောင်ပြီး ဟောနမ်ရွာကို သွားရောက်ကာ ထိခိုက် ဒဏ်ရာ ရရှိသူများကို ဆေးကုသမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။