မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးကျည်များဖြင့် ပစ် ခတ်နေပြီး မိုးကုတ်မြို့အတွင်းရှိ နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း မိုးကုတ်မှ ပြည်သူများက ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၂၆ ရက်နံနက်ပိုင်းတွင် မိုးကုတ်မြို့ရှိ ဗျူဟာကုန်းမှ ဖြူရောင်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ လယ်ကြီးကျေးရွာ၊ ဟိုခိုကျေးရွာဘက်သို့ အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ် နေခြင်းဖြစ်ပြီး အချက်ရေ ၇၀ ခန့်ရှိပြီဖြစ်ကြောင်း၊ ယခုချိန်အထိ ပစ်ခတ်မှု ရပ်နားခြင်းမရှိသေးဘဲ မိုးကုတ်မြို့ပေါ်ရှိ နေအိမ်များ မှန် ပြတင်းပေါက်များ ကွဲကြေပျက်စီးမှုရှိကြောင်း သိရသည်။
“မိုးကုတ်မြို့ထဲမှာ တချို့အိမ်တွေဆိုရင် ပြတင်းပေါက်မှန်တွေ ကွဲတယ်၊ ဒုံးတွေနဲ့ ၂ မိနစ်နဲ့ ၅ မိနစ်ခြား တစ်ခါ ထုနေတာ၊ အခုထိ မနားသေးဘူး၊ မနေ့က ရဟတ်ယာဉ်နဲ့ လာပို့တဲ့ ဒုံးကျည်တွေနဲ့ မိုးကုတ်ဗျူဟာကုန်းကနေ ဖြူရောင်၊ ညောင်ကုန်း၊ လယ်ကြီး၊ ဟိုခိုဘက်ကို ဒုံးကျည်အချက်ရေ ၆၀ – ၇၀ လောက်ရှိနေပြီ ဆက်တိုက်ထုနေတာ” ဟု မိုးကုတ်မြို့နေပြည်သူတစ်ဦးက ပြောကြားသည်။