စစ်ကောင်စီတပ်သားတွေဖမ်းဆီးသွားတဲ့ သရက်ချောင်းမြို့နယ်၊ ရငဲရွာသားရဲ့အလောင်းကို ကျောက်ခမောက်ရွာမှာပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အသတ်ခံရသူဟာ အသက် ၂၅ ဝန်းကျင်အရွယ် ကိုညီကမ်းဆိုသူဖြစ်ပြီး ရငဲရွာ ကွက်သစ်ပိုင်းလို့ခေါ်တဲ့အပိုင်းမှာနေထိုင်သူဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်က ကျောက်ခမောက်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ လမ်းမှာတွေ့တဲ့ ကိုညီကမ်းအပါအဝင် အမျိုးသားနှစ်ဦးကို လက်နှောင်ကြိုးတုပ် ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ကိုညီကမ်းရဲ့အလောင်းကိုပြန်တွေ့ခဲ့ကြတာပါ။
အလောင်းကို စစ်ကောင်စီတပ်သားတွေက မြေမြှုပ်ထားခဲ့ပြီး အလောင်းမှာ နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အလောင်းမှာ သေနတ်ဒဏ်ရာ၊ ဓားထိုးဒဏ်ရာဘာမှမရှိဘူး။ ရိုက်ခံထားရတာတော့တအားပဲ။ ပြန်လွတ်လာတဲ့သူလည်း တော်တော်ခံထားရတယ်ကြားတယ်။” လို့ ကျွဲမင်းကုန်းရွာသားတစ်ဦးက ပြောပါတယ်။
ကိုညီကမ်းနဲ့အတူအဖမ်းခံရတဲ့ အမျိုးသားကတော့ ပြန်လွတ်လာတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ကိုညီကမ်းရဲ့ရုပ်အလောင်းကိုတော့ ဒီကနေ့မနက်ပိုင်းမှာပဲ မီးသင်္ဂြိုဟ်လိုက်တယ်လို့ လို့သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ မနေ့က ကျွဲမင်းကုန်းရွာကိုရောက်လာပြီး နေအိမ်တချို့ကိုရိုက်ဖြိုဖျက်ဆီးခဲ့ပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ ကမြိုင်ရွာကိုရောက်ရှိနေပြီး နေအိမ်တွေကို လိုက်လံမွှေနှောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကြောင်းဝင်နေတာကြောင့် ကမြိုင်ရွာဒေသခံတွေလည်း ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။