ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် စစ်တပ်စခန်းကနေ ဒီကနေ့ ညပိုင်း ၇ နာရီခွဲ ဝန်းကျင်က အတွဲလိုက်ဒုံးတွေ ပစ်ခတ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းကစပြီး လားရှိုးမြို့နယ်မှာ ကိုးကန့်တပ် MNDAA၊ တအာင်း အမျိုးသား တပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့ အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ပြင်းထန်နေတာပါ။
“လားရှိုးက မြို့ပြင် ပတ်ပတ်လည်မှာ စစ်တပ်တွေ အကုန်ရှိတယ်။ အတွင်းမှာက ပြည်သူတွေပေါ့။ အခုက ပတ်ပတ်လည်ဘက်မှာ ဖြစ်နေတာဗျ။ ကျွန်တော့် အထင်တော့ ဆင်တောင်ခြေဘက်က ပစ်တယ် ထင်တယ်။ အတိအကျ နေရာတော့ မသိဘူး မီးရောင်တော့ မြင်ရတယ်” လို့ လားရှိုး ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
လက်ရှိ လားရှိုးမြို့နေ ပြည်သူတွေ အိမ်ထဲမှာ နေကြရတာဖြစ်ပြီး လက်နက်ကြီးသံတွေ အဆက်မပြတ် ဆက်တိုက် ကြားနေရတယ်လို့ သူကဆက်ပြောပါတယ်။
ဒီနေ့ တိုက်ပွဲတွေကြောင့် လားရှိုးမြို့ အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ထားပြီး မြို့၀န်းကျင်မှာ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်နေကာ တော်လှန်ရေးတပ်တွေဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်သလို စစ်တပ်ဘက်က အတွဲလိုက်ဒုံး အပါအဝင် လက်နက်ကြီးတွေနဲ့ ပြန်လှန် ပစ်ခတ်နေတာ ဖြစ်ပါတယ်။