မြောက်ပိုင်းလက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ပြင်းထန်နေသည့် မုံးကိုးနှင့် ဖောင်းဆိုင် ဒေသကို စစ်ကောင်စီက ယနေ့နံနက် ၁၁နာရီ ၄၄မိနစ်တွင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်လာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“တိုက်ပွဲဖြစ်နေတာ စကစဘက်က ပစ်ကူလာတာဟုတ်တယ်။ ၂ကြိမ်ရှိပြီ”ဟု ၎င်းက ဆိုသည်။ မုံးကိုးနှင့် ဖောင်းဆိုင် ဒေသအပါအဝင် ရှမ်းပြည်နာ်မြောက်ပိုင်းနေရာ အတော်များများ၌ စစ်ကောင်စီတပ်ကို ကိုးကန့်၊တအာင်း၊ ရခိုင် တပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း တိုက်ပွဲတွင် ပါဝင်ကြောင်း သတင်းရင်းမြစ် အချို့က ပြောကြားပြီး KIAဘက်က တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးပေ။
စစ်အာဏာရှင်တိုက်ဖျက်ရေး ထိုးစစ်ကို ယနေ့ အောက်တိုဘာ ၂၇ရက်က စတင်လိုက်ကြောင်း တအာင်း၊ ကိုးကန့်၊ ရခိုင်တပ်များက ပူးတွဲကြေညာထားသည်။
စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး ချင်းရွှေဟော်မြို့ကိုလည်း မြောက်ပိုင်းလက်နက်ကိုင်တပ်များက ထိန်းချုပ်ထားနိုင်ခဲ့သည်။ စစ်ကောင်စီတပ်သည် ချင်းရွှေဟော်မြို့ကိုလည်း ယနေ့ နံနက်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။