ရှမ်းပြည်နယ် မြောက်ပိုင်းကို စစ်အင်အားဖြည့်ဖို့ မိတ္ထီလာ၊ သာစည် နဲ့ ကလောဘက်ကနေ တက်လာတဲ့ စစ်ကား ၁၀၀ ကျော် အောင်ပန်းမြို့ကို ကျော်လာပြီး ပင်းတယ – ရပ်စောက် – နောင်ချို ဖက်ကနေ ရှမ်းမြောက်ဘက်ကို တက်မယ်လို့ သိရပါတယ်။
ဒီနေ့ နေ့လည် ၁၂ နာရီခွဲလောက်က ကလောကနေတက်လာတဲ့ မိုးကာအုပ်ထားတဲ့ စစ်ကားအစီး ၁၀၀ ကျော် ပါတဲ့ အဲ့ဒီယာဉ်တန်းဟာ အောင်ပန်းမြို့ထဲကို ဖြတ်လာတာကို မြင်တွေ့လိုက်ရတဲ့ ဒေသခံတွေက အတည်ပြုပြောပါတယ်။
“ မိုးကာအုပ်ထားတဲ့ စစ်ကား ၁၀၀ ကျော် အောင်ပန်းမြို့အထွက်မှာ တွေ့လိုက်တယ်။ ဟွန်းတွေအသေတီးပြီး အမြန်မောင်းသွားကြတာ။ ပင်လောင်းဘက်ကို မတက်ဘူးဆိုတော့ ဟဲဟိုးလမ်းကနေ ရပ်စောက်ကိုသွားမယ်ထင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီကားတန်းဟာ ခါတိုင်း ကယားဘက်ကို တက်နေကြ အောင်ပန်း – ပင်လောင်းလမ်း နဲ့ အောင်ပန်း – ဟဲဟိုး – တောင်ကြီးလမ်း ဘက်ကို ရောက်လာခြင်းမရှိတဲ့ အတွက် ဟဲဟိုး – ရပ်စောက်လမ်း တွေကနေတဆင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုဘက်ကို သွားမယ်လို့ ယူဆရပါတယ်။
လက်ရှိအချိန်ထိတော့ ပင်းတယနယ်ကို ဖြတ်လာတာမရှိသေးတဲ့ အတွက် အောင်ပန်းမြို့အလွန် ဟဲဟိုးမြို့တဝိုက်မှာ ညအိပ်ရပ်နားနေနိုင်တယ်လို့ တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။
“ကယားဖက်ကိုသွားလာတဲ့ ယာဉ်တန်းတွေက မိတ္ထီလာဘက်ကို ပြန်ဆင်းမယ်ဆို တီကျစ်မှာ ညအိပ်လာနားကြတယ်။ အခု ကားတန်းက ကယားနဲ့မဆိုင်ဘူး” လို့ သူကပြောပါတယ်။
ဒီနေ့ မနက်ပိုင်းက အောင်ပန်းမြို့ထဲကို တောင်ကြီးဘက်ကဆင်းလာတဲ့ ပျက်စီးနေတဲ့ စစ်ကား ၅ စီးခန့်လည်း ဖြတ်သွားတယ်လို့ သိရပါတယ်။