စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ အပါအဝင် မန္တလေးတိုင်း မြို့နယ်အများအပြားကို ညမထွက်ရအမိန့် ထုတ်ပြန်ကာ ထင်တိုင်းကျဲ လူသတ်၊ လုယက်၊ အကြမ်းဖက်နေတဲ့ စစ်အုပ်စုဟာ ဒီနေ့ အောက်တိုဘာ (၂၇)ရက်က စတင်ပြီး မန္တလေးမြို့တွင်း ညမထွက်ရအမိန့် ပယ်ဖျက်ကြောင်း မိုက်နဲ့လိုက်အော်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျူတွေက ညမထွက်ရအမိန့် ပယ်ဖျက်ကြောင်း မိုက်နဲ့ လိုက်အော်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
“၂၆ရက်နေ့ အမိန့်စာအရ ဒီအမိန့် ပြန်ပယ်ကြောင်း ရပ်ကွက်ရုံးက လိုက်အော်နေတာ” လို့ မြို့ခံတဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ညမထွက်ရအမိန့် ထုတ်ပြန်ကာ သူတို့ သတ်မှတ်ချိန်အတွင်း အပြင်ထွက် သွားလာသူတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ ငွေညှစ်နေတာ ဖြစ်ပါတယ်။
“ပွဲတွေတောင် အများကြီး လုပ်နေတော့ သူတို့အေးချမ်းကြောင်း ပြတာနေမှာပေါ့” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
စစ်အုပ်စုက ညမထွက်ရအမိန့် မပယ်ဖျက်မီအထိ မန္တလေးမြို့မှာ ည(၁၂)နာရီကနေ မနက်(၄)နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ခံထားရတာ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ ည(၁၂)နာရီနောက်ပိုင်း ညမထွက်ရအမိန့် ထုတ်ထားပေမယ့် စစ်အုပ်စုနဲ့ပျူတွေက နေ့ရောညပါ အုပ်စုဖွဲ့ လမ်းပေါ်တက်ပြီး လူသတ်၊ လုယက်၊ ဖမ်းဆီး ငွေညှစ်နေလို့ မြို့ခံ ပြည်သူတွေဟာ ည(၈)နာရီ လောက်ကတည်းက အပြင်ထွက်သွားလာဖို့ မဝံ့မရဲ ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်လော်ဘီတွေရဲ့ အဆိုအရ မန္တလေးတိုင်း (၂၈)မြို့နယ် အနက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်က လွဲပြီး ကျန်မြို့နယ်တွေ အားလုံး ညမထွက်ရအမိန့် ပယ်ဖျက်လိုက်ပြီလို့ သတင်းဖြန့်ပါတယ်။